အစ္စရေး နဲ့ ပါလက်စတိုင်း ရေရှည် အပစ်ရပ်ရေး

  • 26 ဩဂုတ် 2014
_palestinians_hamas
ရေရှည် အပစ်ရပ်မှု အရ ဟားမားစ် အောင်ပွဲခံ

အစ္စရေး နဲ့ ပါလက်စတိုင်း တို့ အကြား သီတင်း ၇ ပတ်ကြာ တိုက်ခိုက် နေမှု ဟာ အီဂျစ်ရဲ့ ကြားဝင် စေ့စပ်ပေးမှု ကြောင့် ရေရှည်ခံမဲ့ အပစ် ရပ်ရေး သဘောတူ ကြပြီ ဆိုတဲ့ ကြေညာချက် ထွက်လာ လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က ကြိုဆို လိုက်ပါတယ်။

ဒါပေမဲ့ ဒီတကြိမ် ကရော ရေရှည်ခံ ပါ့မလား။ ဂျရူစလာမ် မှ ဘီဘီစီ သတင်းထောက် ကယ်ဗင် ကော်နဲလ်လီ သုံးသပ်တာကတော့ ဒီသဘောတူညီချက် ဟာ ဟားမားစ်တွေ ဘက် က အောင်ပွဲ လို့ မှတ်ယူ ပေမဲ့ တကယ်ပဲ သူတို့တောင်းဆို ထားတာတွေ ရပြီလား၊ သူတို့လိုချင်တဲ့ ဆိပ်ကမ်း၊ လေဆိပ် ဖွင့်ခွင့် တွေ ရပါ့မလား လို့ မှန်းကြည့်ပါတယ်။ တကယ်တော့ ဒီကိစ္စ တွေ ကို နောက်တလ ကြာမှ နှစ်ဖက် ဆွေးနွေးဘွယ်ရှိပါတယ်။

အခု ရေရှည် သဘောတူကြတဲ့ အပစ်အခတ် ရပ်ဆိုင်းမှု ကို အောင်ပွဲ လို့ မှတ်ယူတဲ့ ဟားမားစ် ပြောခွင့်ရ ပုဂ္ဂိုလ် ဆာမိ အဘူ ဇူရီ က၊ ဂါဇာရဲ့ အောင်ပွဲ ကို ကြေညာနိုင်ပါပြီ။ အခုဆိုရင် အစ္စရေး တွေ ရဲ့ သြဇာ အရှိန်အဝါ ကို အလဲဖြိုနိုင်ပါပြီ။ ဒါဟာ ဘုရားသခင် ရဲ့ ကျေးဇူးတော် နဲ့ ပါလက်စတိုင်း လူမျိုးတွေ ရဲ့ ကြန့်ကြန့် ခံနိုင်မှု ကို အလေးထားရမှာပါ လို့ ပြောတာပါ။

အစ္စရေး အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် မာခ်ရေဂျက်ဖ် ကတော့ ဂါဇာဒေသ ပြန်လည်ထူထောင်ရေး ကို သူတို့ အကူအညီပေးမှာ ဖြစ်ပေမဲ့၊ ဟားမားစ် အနေနဲ့ လက်နက်ပြန်လည် စုဆောင်းမှု မပြုပါဘူး ဆိုတဲ့ အာမခံချက် လိုတဲ့ အကြောင်းပြောပါတယ်။

သူတို့ အနေနဲ့ အနည်းဆုံးဂါဇာ ကမ်းမြောင် ဘက် လုံခြုံရေး အခြေအနေ စိတ်ချ ရပြီလား ဆိုတာ ကို ရေတို၊ ရေရှည် စောင့် ကြည့်ရဉီးမှာပါ။ ဟားမားစ်တွေ ဘက်က ဒုံးကျည်တွေ၊ ရောကက်တွေ၊ မြေအောက် လှိုင်ခေါင်းတွေ ပြန်ဆောက် ပြီး အစ္စရေး ကို ခြိမ်းခြောက်မှု ပြုတာ ကို တော့ လက်မခံနိုင်ဘူး လို့ ပြောသွားပါတယ်။

ဒါကြောင့်မို့ အီဂျစ်ကြားဝင်ဆောင်ရွက် ပေးတဲ့ ရေရှည် အပစ်ရပ် ငြိမ်းချမ်းရေး ဟာ စောင့်ကြည့်ရဘွယ်ရှိသေးတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် ကယ်ဗင် ကော်နဲလ်လီ က သုံးသပ်ပါတယ်။