လူသတ်မှုနဲ့ ဂျပန် ကျောင်းသူကို ဖမ်းဆီး

  • 28 ဇူလိုင် 2014

ဂျပန်နိုင်ငံမှာ အတန်းဖော် တဦးကို အပိုင်းပိုင်း ခုတ်ထစ် သတ်ဖြတ် ခဲ့တယ်လို့ မသင်္ကာမှုနဲ့ အသက် ၁၅ နှစ်အရွယ် ကျောင်းသူ တဦးကို ဖမ်းဆီးလိုက်ပါတယ်။

နိုင်ငံ အနောက်ပိုင်း ဆာဆီဘို မြို့မှာ ရှိတဲ့ အဲဒီ ကျောင်းသူရဲ့ ကုတင်ပေါ်မှာ သူ့အတန်းဖော်ရဲ့ အလောင်းကို ရဲတွေက ရှာတွေ့ခဲ့တာပါ။

အသတ်ခံရသူ ၁၅ နှစ်အရွယ် အဲဒီ အတန်းဖော်ဟာ ထိုးကြိတ် ရိုက်နှက်၊ လည်ပင်းညှစ်ခံခဲ့ရပြီး သူ့ရဲ့ ခေါင်းနဲ့ လက်တဘက် အဖြတ်ခံထားရပါတယ်။

လောလောဆယ်မှာ အဲဒီ ကျောင်းသူဟာ သူ့လုပ်ရပ်အတွက် နောင်တရ စိတ်မကောင်းဖြစ်ပုံ မတွေ့ရဘူးလို့ ရဲတွေက ပြောပါတယ်။

ဂျပန် နိုင်ငံဟာ ကမ္ဘာပေါ်မှာ လူသတ်မှုနှုန်း အနည်းဆုံး နိုင်ငံ တခု ဖြစ်ပေမယ့် လွန်ခဲ့တဲ့ နှစ် ၂၀အတွင်း ထိတ်လန့် တုန်လှုပ်စရာ ကောင်းအောင် ကလေး အချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်မှု အတော်များများ ဖြစ်ပွားခဲ့တယ်လို့ တိုကျိုမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။