အစ္စရေးနဲ့ ဟားမတ်စ် ၅ နာရီကြာ အပစ်ရပ်ထား

  • 17 ဇူလိုင် 2014
ယာယီ ၅ နာရီ အပစ်ရပ်စဉ် ဂါဇာစီးတီးမှာ စျေးဝယ်နေသူတွေ။

၉ ရက်ကြာ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ ဟားမတ်စ်နဲ့ အစ္စရေး ကြားမှာ ၅ နာရီကြာ အပစ်အခတ် ရပ်စဲထားဖို့ သဘောတူလိုက်ကြပါတယ်။

လူသားချင်း စာနာ ထောက်ထားမှု အကူအညီတွေ ပေးအပ်နိုင်ရေး အတွက် ကုလ သမဂ္ဂက မေတ္တာရပ်ခံလို့ အခုလို နာရီပိုင်း အပစ်ရပ်ထားမှာ ဖြစ်ပါတယ်။

အစောပိုင်း ကတော့ အစ္စရေးနဲ့ ဟားမတ်စ် အကြား သောကြာနေ့ မနက် ၆ နာရီက စတင်ပြီး အပြီးအပိုင် အပစ်ရပ်ဖို့ သဘောတူလိုက်ပြီလို့ သတင်းတွေ ထွက်ခဲ့ပေမယ့် မဟုတ်မှန်ကြောင်း၊ အီဂျစ်မှာ နှစ်ဘက် ဆွေးနွေးနေဆဲ ဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်က စတင်ခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဂါဇာ ဒေသမှာ သေဆုံးသူ ပါလက်စတိုင်း ၂၂၇ ဦး ရှိခဲ့ပြီး ဟားမတ်စ်တို့ရဲ့ ပြန်လှန် ပစ်ခတ်မှုကြောင့် အစ္စရေးဘက်ကတော့ ၁ ဦး သေဆုံးခဲ့ပါတယ်။

အစ္စရေးဘက်က လေကြောင်း တိုက်ခိုက်ရတာဟာ ဟားမတ်စ်တို့ရဲ့ ဒုံးကျည်ပစ်ခတ်မှုတွေ ရပ်ဆိုင်းသွားဖို့အတွက်လို့ ဆိုပါပေမယ့် သေဆုံးသူ ပါလက်စတိုင်း အများစုဟာ အရပ်သားတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဟားမတ်စ်အဖွဲ့ဟာ သူတို့ရဲ့ စစ်သုံး အဆောက်အဦးနဲ့ လက်နက်တွေကို အရပ်သားတွေ ကြားထဲမှာ ဝှက်ထားတယ်လို့ အစ္စရေးတို့က စွပ်စွဲပါတယ်။