တရုတ်မှာ လူအစုအပြုံလိုက် ကြားနာ စစ်ဆေး

  • 28 မေ 2014
လူ ၇ ထောင်လောက် ကြည့်ရှုခဲ့တဲ့ အားကစားရုံတွင်းက တရားခွင်

တရုတ် နိုင်ငံမှာ လူအစုလိုက် အပြုံလိုက်ကို တပြိုင်တည်း ကြားနာ စစ်ဆေးခဲ့ရာမှာ လူ ၅၅ ယောက်ကို အပြစ်ရှိကြောင်း အမိန့်ချမှတ် လိုက်ပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ ရာစုနှစ် ထက်ဝက် နီးပါးက ကွန်မြူနစ် ပါတီ အာဏာရယူခဲ့ပြီးခါစ နေ့ရက်တွေကို ပြန်ပြောင်း သတိရစရာ ဖြစ်နေတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ဂျန်း ပြည်နယ်အတွင်း အားကစားရုံမှာ ပြုလုပ်တဲ့ တရားခွင်မှာ ကြားနာ စစ်ဆေးမှုကို လူပေါင်း ၇ ထောင်လောက် ကြည့်ရှုခဲ့ကြပါတယ်။

သူတို့ကို အကြမ်းဖက်မှု၊ ခွဲထွက်ရေး ကြိုးပမ်းမှုနဲ့ လူသတ်မှုတို့ အတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ထဲက ၃ ယောက်ကိုတော့ သေဒဏ် ချမှတ်ခဲ့ပါတယ်။ အကျဉ်းသား အများစုဟာ တရုတ်နိုင်ငံရဲ့ လူနည်းစု ဝီဂါ မွတ်ဆလင်တွေ ဖြစ်တယ်လို့ ယူဆရပါတယ်။