ယူကရိန်းရောက် OSCE ၁၃ဦး အဖမ်းခံနေရ

  • 26 ဧပြီ 2014
russian_ukraine
ယူကရိန်း အရှေ့ပိုင်း ရုရှလိုလားသူ တပ်ဖွဲ့ဝင်

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း၊ Sloviansk မြို့မှာ၊ စစ်ရေးဆိုင်ရာ နိုင်ငံတကာ စောင့်ကြည့်ရေး အဖွဲ့ဝင် ၁၃ ဦးနဲ့၊ ယူကရိန်း အစိုးရ အရာရှိတွေကို သယ်ဆောင်လာတဲ့၊ ခရီးသည်တင် ဘတ်စ်ကားကို၊ ရုရှားလိုလားသူ လက်နက်ကိုင် အုပ်စုက ဖမ်းဆီး လိုက်ပါတယ်။

OSCE လို့ခေါ်တဲ့၊ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ရဲ့ လုပ်ငန်းစဉ်၊ အစီအစဉ် အနေနဲ့၊ ယူကရိန်း နိုင်ငံ အရှေ့ပိုင်းကို ရောက်ရှိနေတဲ့၊ ဂျာမဏီ ဦးဆောင်တဲ့ နိုင်ငံတကာ စောင့်ကြည့်ရေး သမားတွေဟာ၊ Sloviansk မြိုရဲ့ လုံခြုံရေးဋ္ဌာန ရုံးခန်းထဲမှာ၊ ရုရှားလိုလားသူတွေရဲ့ ထိမ်းသိမ်းထားမှု ခံနေရတယ်လို့၊ ယူကရိန်း ပြည်ထဲရေးဋ္ဌာနက ကြေညာခဲ့ပါတယ်။

အဲဒီ နိုင်ငံတကာအဖွဲ့နဲ့ အတူ၊ ယူကရိန်းအစိုးရ ထောက်လှမ်းရေးတစ်ယောက် အတူ လိုက်ပါတဲ့ အတွက်၊ အခုလို ဖမ်းဆီးခဲ့ရတာ ဖြစ်တယ် ဆိုပြီး၊ ဒေသခံ ရုရှလိုလားသူတွေအုပ်စုရဲ့ ခေါင်းဆောင်က ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲမှာ ဂျာမန် ၄ ဦး ပါဝင်ကြောင်း၊ ဂျာမဏီက အတည်ပြုခဲ့ပြီး၊ ဖြစ်နိုင်သမျှ သံတမန်နည်းလမ်း အဆက်အသွယ်တွေ အသုံးပြုကာ၊ သူတို့လွတ်မြောက်ရေး အတွက်၊ ကြိုးစားနေတယ်လို့ ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဋ္ဌာနရဲ့ ပြောခွင့်ရ တာဝန်ခံ Jen Psaki က၊ ဒီလို တန်စာခံတွေအနေနဲ့ ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ လုပ်ရပ်အပေါ်၊ ဘယ်လိုမှ လက်သင့် မခံနိုင်ကြောင်း ပြောခဲ့ပါတယ်။