တပ်ပြင်တာတွေ ရပ်ဖို့ ယူကရိန်းကို ရုရှား သတိပေး

  • 8 ဧပြီ 2014
ခါကိဗ်မြို့ အုပ်ချုပ်ရေးရုံးကို ပြန်သိမ်းအပြီး တွေ့ရတဲ့ ယူကရိန်း အကြမ်းဖက်မှု နှိမ်နင်းရေး တပ်ဖွဲ့ဝင် အချို့

ယူကရိန်း နိုင်ငံ အရှေ့ပိုင်းနဲ့ တောင်းပိုင်းမှာ ယူကရိန်း တပ်ဖွဲ့တွေရဲ့ ပြင်ဆင် လှုပ်ရှားမှုတွေကို ရပ်တန့်ဖို့နဲ့ မရပ်တန့်ရင် ပြည်တွင်းစစ်ကို ဦးတည်သွား နိုင်တယ်လို့ ရုရှားက ယူကရိန်းကို သတိပေးလိုက်ပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ယူကရိန်းဟာ သူ့ရဲ့ တပ်ဖွဲ့တွေကို နိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတွေကို စေလွှတ်နေပြီး အဲဒီ တပ်ဖွဲ့တွေ ထဲမှာ အမေရိကန် စစ်ဖက် ကန်ထရိုက်တာတွေလည်း ပါဝင်တယ်လို့ စွပ်စွဲထားပါတယ်။

ယူကရိန်း အရှေ့ပိုင်းက ခါကိဗ် မြို့မှာ အုပ်ချုပ်ရေးရုံးကို သိမ်းပိုက်ထားတဲ့ ရုရှား လိုလားသူတွေကို ယူကရိန်း တပ်ဖွဲ့တွေက ညတွင်းချင်း နှိမ်နင်းခဲ့ပြီး အယောက် ၇၀ ကို ဖမ်းဆီးခဲ့တယ်လို့ ယူကရိန်း အစိုးရက ပြောကြားအပြီးမှာ အခုလို ရုရှားရဲ့ သတိပေးချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ရုရှား လိုလားသူတွေဟာ ယူကရိန်း အရှေ့ပိုင်း မြို့တွေဖြစ်တဲ့ ခါကိဗ်နဲ့ ဒွန်းညှက် မြို့တွေမှာ တနင်္လာနေ့က ယူကရိန်းက ခွဲထွက်ကြောင်း ကြေညာခဲ့ကြပါတယ်။

စက်မှုဒေသဖြစ်တဲ့ ယူကရိန်း အရှေ့ပိုင်း မြို့တွေမှာ အခုလို မငြိမ်သက်မှုနဲ့ ခွဲထွက်ရေး လှုပ်ရှားမှုတွေကို နောက်ကွယ်က ကြိုးကိုင်နေခြင်း မရှိပါဘူးလို့ ရုရှားကတော့ ငြင်းဆိုထားပါတယ်။