BBC navigation

တရုတ်တားပေမယ့် အိုဘားမား ဒလိုင်လားမားနဲ့ တွေ့

နောက်ဆုံး ရေးသားချိန် 22 ဖေဖေါ်ဝါရီလ 2014 - 01:25 GMT
Obama meets Dalai Lama

အခုလိုတွေ့ဆုံတာကို တရုတ်ဖက်က အတော်လေး မကြေမနပ်ဖြစ်ခဲ့

တိဘက် ဘာသာရေးခေါင်းဆောင်ကြီး ဒလိုင်းလားမားကို လက်ခံ မတွေ့ဖို့ အမေရိကန် သမ္မတ အိုဘားမားကို တရုတ်က သတိပေး နေတဲ့ ကြားကပဲ သမ္မတအိုဘားမားနဲ့ ဘုန်းတော်ကြီးတို့ ဖေဖေါ်ဝါရီလ ၂၁ ရက် သောကြာနေ့က အိမ်ဖြူတော်မှာ တွေ့ခဲ့ကြ ပါတယ်။

သမ္မတအိုဘားမားက ဘုန်းတော်ကြီး ဒလိုင်းလားမားကို အိမ်ဖြူတော်မှာ တွေ့မယ်ဆိုတဲ့ သတင်းလည်း ထွက်လာရော တရုတ်နိုင်ငံခြားရေးဌာနက မတွေ့ပါနဲ့ တွေ့ရင် တရုတ် အမေရိကန် ဆက်ဆံရေးမှာ ကြီးမားတဲ့ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်လို့ ပြင်းထန်တဲ့ စကားလုံးတွေနဲ့ သတိပေးခဲ့ ပါသေးတယ်။ အိမ်ဖြူတော်ဖက်ကတော့ စီစဉ်ထားတဲ့ အတိုင်းပဲ သမ္မတအိုဘားမားက ဒလိုင်းလားမားကို လက်ခံတွေ့လိုက်ပါတယ်။

ဒါပေမယ့် တရုတ်ဖက်က လုံးဝ မလိုလားတာကိုလည်း အမေရိကန်တွေ သိထားတော့ အဲဒီတွေ့ဆုံပွဲကို သိတ်ပြီး အသားပေး ကြီးကြီးကျယ်ကျယ် မလုပ်ခဲ့ပါဘူး၊ ကမ္ဘာ့ခေါင်းဆောင်တွေကို သမ္မတ လက်ခံတွေ့ဆုံလေ့ရှိတဲ့ အိုဗယ်ရုံးခန်းမမှာ မဟုတ်ပဲ အိမ်ဖြူတော်ရဲ့ မြေပုံခန်းမှာပဲ တွေ့ခဲ့ပါတယ်။

ဒါကလည်း ဒလိုင်းလားမားဟာ တရုတ်ပြည်တွင်းက တိဘက်ကို ခွဲထုတ်ဖို့လုပ်နေတဲ့ နိုင်ငံရေးခေါင်းဆောင်လို့ တရုတ်ဖက်က အမြဲ စွပ်စွဲတတ်တော့ အခု ဒလိုင်ဒလားမားကို တွေ့တာဟာ သူဟာ ယဉ်ကျေးမှု ခေါင်းဆောင် ဘာသာရေး ခေါင်းဆောင်ကြီး တယောက် အနေနဲ့ပဲ တွေ့တာပါ ဆိုတဲ့ သတင်းစကားကိုလည်း ပေးချင်ပုံ ရပါတယ်။

တရုတ်တို့ရဲ့ အကဲဆတ်ချက်ကို သဘောပေါက်တဲ့ အမေရိကန် ဖက်ကလည်း တရုတ်တွေ စိတ်အေးအောင် ကြိုးစား လုပ်ပေးခဲ့ပုံ ရပါတယ်။

ဆက်ဆံရေး မထိခိုက်လို

အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရပုဂ္ဂိုလ် ဂျေးကာနီက တရုတ်နဲ့ အမေရိကန်ဆက်ဆံရေးဟာ အကျိုးရှိပြီး အပြုသဘောဆောင်တဲ့ ဆက်ဆံရေး ဖြစ်ရပါမယ် ဆိုတာ သမ္မတ အိုဘားမားရော ဘုန်းတော်ကြီး ဒလိုင်းလားမားကပါ အခုတွေ့ဆုံပွဲမှာ သဘောတူကြပါတယ်၊ အမေရိကန်နဲ့ တရုတ် ကမ္ဘာ့ရေးရာတွေ ဒေသတွင်းအရေးတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်သွားဖို့ အမေရိကန်ဖက်က ဆန္ဒရှိပါတယ်လို့ ပြောသွားပါတယ်။

အမေရိကန်တွေက သူတို့ထုတ်ပြန်ချက်ထဲမှာ တိဘက်ဟာ တရုတ်ရဲ့ ပြည်နယ် တခု ဖြစ်ပါတယ်လို့ အမေရိကန်ဖက်က အသိအမှတ်ပြုထား ပါကြောင်း လည်း ပြောလိုက် ပါသေးတယ်။

တရုတ်က တုန့်ပြန်လာနိုင်

ဘာပဲ ပြောပြော ဒလိုင်းလားမားကို အခုလို နိုင်ငံခေါင်းဆောင်တွေက လက်ခံတွေ့တာကို တရုတ်တွေက အမြဲ ကန့်ကွက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ် လောက်က ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ဒလိုင်းလားမားကို လက်ခံတွေ့တုန်း ကလည်း တရုတ်ဖက်က ကန့်ကွက်တဲ့ အနေနဲ့ တရုတ် ထိပ်တန်း ခေါင်းဆောင်တွေ ဗြိတိန်ကို လာမယ့် အစီအစဉ်တွေကို ဖျက်ခဲ့ပါတယ်။ အခုလဲ တရုတ်ဖက်က အမေရိကန်ကို အလားတူ တုန့်ပြန်မှု မျိုးတွေ လုပ်လာနိုင်တယ်လို့ အကဲခတ်တွေက ခန့်မှန်းကြတဲ့ အကြောင်း ဝါရှင်တန်က ဘီဘီစီ သတင်းထောက် ဒေးဗစ် ဝီးလစ်စ်က ပြောပါတယ်။

တရုတ်နဲ့ အာရှက အမေရိကန်ရဲ့ မဟာမိတ် ဂျပန်၊ ဖိလစ်ပိုင်တို့ နယ်နိမိတ်ကိစ္စတွေ အငြင်းပွားနေချိန် အမေရိကန်နဲ့ တရုတ်လဲ လူ့အခွင့်အရေး ကိစ္စတွေ၊ အင်တာနက် ရာဇဝတ်မှု ကိစ္စတွေနဲ့ ဆက်ဆံရေးက တက်လိုက်ကျလိုက် ဖြစ်နေချိန်မှာ နောက်ထပ် အဖုအထစ်တခု ဖြစ်သွားမှာကိုတော့ အမေရိကန်ဖက်က လိုလားပုံမရပါဘူး၊ ဒါပေမယ့် အမေရိကန် အနေနဲ့လဲ သူ့ရဲ့ နိုင်ငံခြားရေး ဝါဒကို တခြားနိုင်ငံ အစိုးရတခုခုရဲ့ လိုလားချက် မလိုလားချက်တွေ အပေါ် ချိန်ပြီး လုပ်ဖို့ ဆန္ဒမရှိဘူး ဆိုတာကိုလည်း အခုတွေ့ဆုံပွဲက ပြနေတယ်လို့ ဆိုနိုင်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။