ယူကရိန်း သပိတ်စခန်းကို အာဏာပိုင်တွေ အင်အားသုံး ဖယ်ရှား

  • 19 ဖေဖော်ဝါရီ 2014
Kiev မြို့လယ် လွတ်လပ်ရေး ရင်ပြင်က သပိတ်စခန်းကို လုံခြုံရေး တပ်ဖွဲ့က အင်အားသုံး ဖယ်ရှား ရှင်းလင်းပြီ

ယူကရိန်းနိုင်ငံ ကီးယက်ဗ် မြို့လယ် သပိတ်စခန်းက ထောင်နဲ့ချီတဲ့ အစိုးရ ဆန့်ကျင် ဆန္ဒပြသူတွေကို ရဲတွေက မူးမေ့စေတဲ့ လက်နက်တွေ ၊ မီးသတ်ပိုက်တွေ သုံးပြီး ဖယ်ရှား ရှင်းလင်းနေပါတယ်။

ဆန္ဒပြသမားတွေကလည်း ခဲတွေ ၊ အိမ်တွင်းလုပ်ဗုံးတွေနဲ့ ပစ်ပေါက် ပြန်လည် တိုက်ခိုက်ကာ ကားတာယာတွေ စုပုံပြီး မီးရှို့ခဲ့ကြပါတယ်။

အတိုက်အခံ ခေါင်းဆောင်တွေက ဆန္ဒပြသူတွေကို သပိတ်စခန်းမှာ ဆက်နေကြဖို့ တိုက်တွန်းနေပြီး ထိပ်တန်း ဆန္ဒပြ ခေါင်းဆောင် ဗစ်တယ်လီ ကလစ်ချ်ကို က သမ္မတ ဗစ်တာ ရာနူကိုဗစ်ချ်နဲ့ ဆွေးနွေးနေတယ်လို့ သူ့ပြောခွင့်ရသူက ဆိုပါတယ်။

မနေ့က တရက်ထဲအတွင်း ရဲခြောက်ယောက် အပါအဝင် လူ၁၈ယောက် သေဆုံးသွားခဲ့ပြီး အတိုက်အခံတွေရဲ့ ရုပ်မြင်သံကြားလိုင်း 5 Kanal TV ဟာလည်း နိုင်ငံတလွှား ပြသမှု ရပ်ဆိုင်းသွားပါတယ်။

အမေရိကန်အစိုးရကတော့ အကြမ်းဖက်မှုတွေကို ရှုတ်ချကြောင်းပြောဆိုသလို ကုလသမဂ္ဂကလည်း စိုးရိမ်ပူပန်တယ်လို့ ဆိုပါတယ်။

ဂျာမန်နိုင်ငံခြားရေးဝန်ကြီးကလည်း ပြစ်တင် ရှုတ်ချလိုက်ပြီး ယူကရိန် ရှေ့နေချုပ် ဗစ်တာ ရွှန်ကာကတော့ ဒီနေ့ အခြေအနေကြောင့် အရင်က ရထားတဲ့ သဘောတူညီချက်အားလုံး ပျက်စီးရပြီလို့ သူက ဆိုပြီး ဒီနေ့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့သူတွေကို အရေးယူ အပြစ်ပေးမယ်လို့ ဆိုသွားတာဖြစ်ပါတယ်။

ဆန္ဒပြပွဲတွေဟာ နိုဝင်္ဘာလတုန်းက စတင်ခဲ့တာဖြစ်ပြီး ဥရောပသမဂ္ဂနဲ့ ပိုပြီး နီးနီးစပ်စပ် ဖြစ်စေမယ့် သဘောတူ စာချုပ်တွေကို အစိုးရက လက်မှတ် မထိုးဘဲ ဆိုင်းငံ့ခဲ့ရာကနေ အခုဆန္ဒပြပွဲတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂနဲ့ စာချုပ်ချုပ်ဆိုရင် ဂရိနိုင်ငံမှာ လုပ်တဲ့ ခြိုးခြံရေး အစီအစဉ်လိုမျိုး၊ ရုရှားနိုင်ငံမှာ ၁၉၉၂ ခုနှစ် ဘော့ရစ်ယဲ့လ်ဆင်လက်ထက်က ပြုပြင်ပြောင်းလဲရေးမျိုးလို နီယိုလစ်ဘရယ် အစီအစဉ်တွေကို လက်ခံရမှာ ဖြစ်ပါတယ်။

ယူကရိန်း အရှေ့ပိုင်းက ရုရှား စကား ပြောစီးပွားရေးသမားတွေဟာ ယူကရိန်းစီးပွားရေးကို စိုးမိုးထားပြီး နီယိုလစ်ဘရယ် အစီအစဉ်အရ ဥရောပ စီးပွားရေးသမားတွေကို တံခါးဖွင့်ပေးလိုက်ရမှာကို မလိုလားကြပါဘူး။

ယူကရိန်း အနောက်ပိုင်းက ဥရောပနဲ့ နီးစပ်သူ စီးပွားရေး သမားတွေကတော့ ဒီစာချုပ်ကို လက်မှတ် ရေးထိုးစေချင်ကြတာ ဖြစ်ပါတယ်။

ယူကရိန်းမှာ ဆန္ဒပြသူတွေကတော့ သမ္မတ ရာနူကိုဗစ် ရာထူးက ဆင်းပေးဖို့ တောင်းဆိုနေတာ လနဲ့ချီ ကြာနေပြီ ဖြစ်ပါတယ်။