BBC navigation

ဟုမ်းစ်မြို့ထဲက လူတွေ ထွက်ခွင့်ပေးတော့မယ်

နောက်ဆုံး ရေးသားချိန် 7 ဖေဖေါ်ဝါရီလ 2014 - 01:35 GMT
Homs resident

အပျက်အစီးတွေအကြား ကစားနေရတဲ့ ကလေးတွေ

သုံးနှစ်နီးပါး ကြာလာနေပြီ ဖြစ်တဲ့ ဆီးရီးယား ပြည်တွင်းစစ်မှာ ကြားထဲက ပိတ်မိပြီး ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့ နိုင်ငံအလယ်ပိုင်း ဟုမ်းစ်မြို့က အရပ်သားတွေအတွက် ကုလသမဂ္ဂ ကယ်ဆယ်ရေး အကူအညီတွေ ဝင်ပေးဖို့ ဆီးရီးယား အစိုးရက သဘောတူလိုက်ပါတယ်။

အစိုးရတပ်တွေ ဝိုင်းရံပိတ်ဆို့ထားတဲ့ မြို့ဟောင်းပိုင်း အရပ်က လူတွေကိုလည်း မြို့ပြင်ထွက်ခွင့်ပေးတော့မယ်လို့ ဆိုပါတယ်။ ဟုမ်စ်မြို့မှာ အစိုးရကို ခံတိုက်နေတဲ့ သူပုန်တွေ ရှိနေတာမို့ အစိုးရတပ်တွေက မြို့ကို ဝိုင်းပြီး ပိတ်ထားတာ နှစ်နှစ် နီးပါးရှိပြီ ဖြစ်ပါတယ်။ အရပ်သားတွေထဲမှာ သူပုန်တွေရောပါလာနိုင်လို့ မြို့ထဲက လူတွေကိုလည်း အပြင်ပေးမထွက်တဲ့ အတွက် အထဲမှာ အစားအစာတွေ ပြတ်လပ်ပြီး ဆိုဆိုးဝါးဝါး ဒုက္ခတွေ ရောက်နေကြရတာပါ။

ပြီးခဲ့တဲ့ နှစ်ပတ်ကမှ ဟုမ်းစ်မြို့ထဲက ထွက်ပြေးပြီး အခု ဂျော်ဒန်ကို ရောက်လာတဲ့ အဘူဟာလင်းလ်က သူတို့ထွက်ပြေးလာရတာဟာ ငတ်မွတ်လွန်းလို့ပါ လို့ဆိုပါတယ်။

မြို့ထဲမှာ ဘာစားစရာမှ မရှိတော့ဘူး၊ နို့လည်း မရှိလို့ ကလေးတွေ လမ်းပေါ်မှာတင် သေနေကြတယ်။ မြို့ကို အစိုးရတပ်က ပိတ်ထားတော့ အသက်စွန့်ပြီး ထွက်ပြေးခဲ့ရပါတယ် လို့ သူကပြောပါတယ်။

အခုလည်း အစိုးရက မြို့ထဲက လူတွေ အပြင်ကိုပေးထွက်မယ်ဆိုတဲ့ နေရာမှာ သူတို့ အခေါ် အပြစ်မဲ့သူတွေကို ပဲ ပေးထွက်မယ်လို့ဆိုပါတယ်၊ အဲဒီလူတွေက မိန်းမတွေ၊ ကလေးတွေနဲ့ ဒဏ်ရာရထားကြသူတွေပါ။

ကျန်တဲ့ လူတွေကတော့ ထွက်ချင်ရင် အစိုးရဆီကို အမည်စာရင်း အရင်ဆုံး တင်ပြရမယ် လို့ဆိုပါတယ်။

လူတွေလည်းသေ မြို့လည်းကြေ

Homs resident

မြို့လည်း ထောင်းထောင်းကြေနေပြီ။

ကုလသမဂ္ဂကတော့ ဟုမ်စ်မြို့ အခြေအနေဟာ ဆိုးလွန်းလို့ ရိက္ခာတွေ ပေးပို့ခွင့်ပြုဖို့ အကြိမ်ကြိမ် တောင်းခံနေခဲ့တာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ ပြောခွင့်ရ ဖာရန် ဟက်က ဟုမ်းစ်မြို့ပြင်မှာ ရိက္ခာ ဆေးဝါးနဲ့ တခြား အရေးပေါ် အကူအညီတွေ အသင့်ရောက်နေပြီး၊ ကယ်ဆယ်ကူညီရေး ဝန်ထမ်းတွေလည်း အဆင်သင့်ပါလို့ ဆိုပါတယ်။

ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်က ဆီးရီးယားမှာ ဆိုးဆိုးဝါးဝါး အငတ်ဘေး ခံနေရသူပေါင်း တသန်းလောက်ရှိပြီး အများစုက ဟုမ်းစ်မြို့ထဲမှာ လို့ ခန့်မှန်းထားပါတယ်။

အစောဆုံး ဖေဖေါ်ဝါရီလ ၇ ရက် သောကြာနေ့မှာပဲ မြို့ထဲက လူတွေ ထွက်နိုင်ပြီး နောက်တနေ့မှာ ကယ်ဆယ်ရေး ပစ္စည်းတွေ စပို့ပေးနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

ဒါပေမယ့် အရင်တုန်းက ဒီလို သဘောတူညီချက်တွေ ရဖူးတုန်းကလည်း နောက်ဆုံးအချိန်ကျမှ ကပ်ပြီး သူပုန်တွေက အရပ်သားတွေကို ပေးမထွက်ဘူးလို့ အစိုးရက စွပ်စွဲပြီး အစီအစဉ်တွေ ပျက်ခဲ့ဖူးပါတယ်။

တခါ တိုက်ပွဲတွေ ဖြစ်နေတဲ့ အကြားက ကယ်ဆယ်ရေး ပစ္စည်းတွေ သယ်ပို့ပေးရတဲ့ အလုပ်ကလဲ အန္တရာယ်များတဲ့ ကိစ္စပါ။ သူပုန်နဲ့ အစိုးရ နှစ်ဖက် အကြား ယုံကြည်မှုကလည်း မရှိသလောက်နည်းနေတာ့ ပြဿနာတွေ ဖြစ်နိုင်စရာ လမ်းတွေလည်း အများကြီးပါလို့ ဘီဘီစီ သတင်းထောက် Jim Muir က ဆိုပါတယ်။ ဒါပေမယ့် အထဲမှာ ပိတ်မိနေသူတွေရဲ့ အခြအနေက မကယ်ရင် မဖြစ်တော့အောင် ဆိုးနေပြီမို့ ရလာတဲ့ အခွင့်အရေးလေးကို သုံးဖို့ ကယ်ဆယ်ရေး အေဂျင်စီတွေကတော့ စိတ်စောနေကြပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။