ဆီးရီးယား အလှူရှင် ညီလာခံ ကူဝိတ်မှာ ကျင်းပ

  • 15 ဇန်နဝါရီ 2014
ကူဝိတ်မှာ ပြုလုပ်တဲ့ ညီလာခံ

ဆီးရီးယားနိုင်ငံ လူဦးရေရဲ့ တဝက် လူ ၉သန်းကျော်လောက်ဟာ လူသားချင်း စာနာတဲ့ ကယ်ဆယ်ရေး အကူအညီတွေ အမြန်ဆုံး လိုအပ်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်ပါတယ်။

ကမ္ဘာ့နိုင်ငံကြီးတွေဆီက အလှူငွေတွေ တောင်းခံဖို့ အာရပ် စော်ဘွားများနိုင်ငံရဲ့ စီစဉ်မှုနဲ့ ကူဝိတ်နိုင်ငံမှာ ကျင်းပတဲ့ အလှူရှင်များ ညီလာခံမှာ မစ္စတာ ဘန်ကီမွန်းက အခုလို ပြောကြားလိုက်တာ ဖြစ်ပြီး ဆီးရီးယား စစ်ဘေးသင့် ဒုက္ခသည်တွေအတွက် ဒေါ်လာ ၆ ဘီလျံခွဲ အကူအညီ ပေးကြဖို့ ကုလသမဂ္ဂ အဖွဲ့ကြီးက ပန်ကြားထားပါတယ်။

ဒီပန်ကြားချက်ဟာ ကုလသမဂ္ဂ သမိုင်းမှာ လူသားချင်းစာနာတဲ့ ကယ်ဆယ်ရေး အရေးပေါ် အကူအညီအတွက် အကြီးမားဆုံး တောင်းခံမှုကြီး ဖြစ်ပါတယ်။

နေအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြတဲ့ ဆီးရီးယား နိုင်ငံတွင်းက ဒုက္ခသည်တွေရော၊ ပြည်ပကို ထွက်ပြေးခဲ့ကြရတဲ့ ဒုက္ခသည်တွေကိုပါ အကူအညီပေးနိုင်ဖို့ အခု ၂၀၁၄ ခုနှစ်အတွင်း ဒေါ်လာ ၆ ဘီလျံခွဲ လိုအပ်မယ်လို့ ခန့်မှန်းထားတယ်လို့ ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Melissa Fleming က ပြောပါတယ်။

ကူဝိတ်နိုင်ငံက ဒေါ်လာ သန်း ၅၀၀ ပေးမယ်လို့ ကတိပြုထားပြီး အမေရိကန်နိုင်ငံကလည်း ဒေါ်လာ သန်း ၃၈၀ ပေးမယ်လို့ ဆိုပါတယ်။

ဆီးရီးယားမှာ တိုက်ပွဲတွေကြောင့် အဆက်အသွယ် ပြတ်နေတဲ့နေရာတွေမှာ စားနပ်ရိက္ခာ ငတ်မွတ် ပြတ်လပ်နေတယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာနေချိန်မှာပဲ အခု ဒီ အလှူရှင်များ ညီလာခံ ကျင်းပနေတာ ဖြစ်ပါတယ်။