စာနာမှု အကူအညီတွေ ဆီးရီးယား ခွင့်ပြုဖွယ်ရှိ

  • 13 ဇန်နဝါရီ 2014
ရုရှားနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ၂ဦး။

ဆီးရီးယား နိုင်ငံမှာ တိုက်ပွဲတွေကြား ပိတ်မိနေကြတဲ့ ရိက္ခာ ပြတ်လပ် နေကြသူတွေ အတွက် လူသားချင်း စာနာတဲ့ အကူအညီ တွေကို ဆီးရီးယား အစိုးရက ဝင်ခွင့် ပေးကောင်း ပေးမယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေရီ လက်ဗ်ရော့ဗ် Sergei Lavrov က ပြောပါတယ်။

အစိုးရနဲ့ သူပုန် တပ်တွေကြား တိုက်ပွဲတွေကြောင့် လနဲ့ချီပြီး စားစရာ ပြတ်လပ်လို့ အငတ်ဘေး ကြုံလုနီးပါး ဖြစ်နေတဲ့ အရပ်သားတွေ အတွက် စိုးရိမ် ပူပန်မိတယ်လို့ ကုလ သမဂ္ဂက ထပ်ကာ တလဲလဲ ထုတ်ဖော် ပြောခဲ့တာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ နဲ့ ဆွေးနွေးအပြီးမှာ မစ္စတာ လက်ဗ်ရော့ဗ်က ပြောခဲ့ရာမှာ ဆီးရီးယား နိုင်ငံရဲ့ တချို့ ဒေသတွေမှာ အပစ်ရပ်ရေး အစီအစဉ်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးနိုင်ရေး အတွက် ပဋိပက္ခမှာ ပါဝင်နေသူတွေ အားလုံး ပူးပေါင်း ဆောင်ရွက်သင့်တယ် လို့လည်း သူက ပြောပါတယ်။

လာမယ့် သီတင်းပတ်ကျရင် ဂျီနီဗာမှာ ဆီးရီးယား အရေး ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ ရှိပေမယ့် အတိုက်အခံတွေကတော့ သူတို့ တက်မယ် မတက်ဘူး ခုချိန်ထိ မပြောသေးပါဘူး။