တောင်ဆူဒန် စေ့စပ်ရေး အလှမ်းဝေးဆဲ

  • 28 ဒီဇင်ဘာ 2013
south sudan
တောင်ဆူဒန် ပြည်တွင်းစစ်မီး ငြိမ်းဖို့ စေ့စပ်နေ

တောင်ဆူဒန် နိုင်ငံရဲ့ ကြွယ်ဝ ချမ်းသာတဲ့ ရေနံတွင်း တွေကို ချုပ်ကိုင်ဖို့ စစ်ခင်း နေကြတဲ့ တိုက်ပွဲ မှာ ရန်ဘက် အုပ်စု တွေကြား အပစ်ခတ် ရပ်စဲရေး ရဖို့ လမ်းစ မရှိဘူး လို့ တောင်ဆူဒန် စစ်တပ် က ပြောခွင့်ရ ပုဂ္ဂိုလ် တဦးက ပြောကြား လိုက်ပါတယ်။

တောင်ဆူဒန် အစိုးရ တပ်တွေက ယူနတီ ပြည်နယ်ရဲ့ မြို့တော် ဘန်တီယူကို ထိုးစစ်ဆင်ဖို့ ပြင်ဆင် နေကြပြီ ဖြစ်ပါတယ်။

ဒီအချိန် မှာပဲ တောင်ဆူဒန်ကို ကုလ သမဂ္ဂ ငြိမ်းချမ်းရေး တပ်တွေရဲ့ ပထမဆုံး အသုတ် အဖြစ် ရဲတပ်ရင်း တွေ ကွန်ဂို ဒီမိုကရက် သမ္မတ နိုင်ငံ ဘက်က ရောက်ရှိ လာပြီလို့ ကုလ သမဂ္ဂ ပြောခွင့်ရ ပုဂ္ဂိုလ် က ပြောကြား လိုက်ပါတယ်။

တောင်ဆူဒန်က ကုလ အခြေစိုက် စခန်းတွေမှာလည်း ဒုက္ခသည် ၆ သောင်းလောက် ရောက်ရှိ ခိုလှုံ နေကြတယ်လို့ ကုလ လူမှု ကူညီရေး အရာရှိ တိုနီ လန်ဇာက ပြောကြား ခဲ့ပါတယ်။

မလာခဲလ်မြို့က ပစ်ခတ်မှု တွေမှာတော့ ကုလ စခန်းကို တိုက်ရိုက် ထိမှန်ခဲ့ပြီး လူနာတွေကို ဆေးရုံတင် ကုသ နေရတယ်လို့ တိုနီ လန်ဇာက ပြောကြား ပါတယ်။

တောင် ဆူဒန် သူပုန် အုပ်စု တွေ ဘက်ကတော့ အပစ်ခတ် ရပ်စဲရေး အတွက် အစိုးရ ကမ်းလှမ်းချက် တွေကို သတိထားပြီး ပြန်ကြား ခဲ့ကြပါတယ်။

အပစ်အခတ် ရပ်စဲရေး မှန်သမျှ ယုံကြည် လက်ခံနိုင်စရာ ရှိရမယ်၊ သေချာ စောင့်ကြည့် လေ့လာဖို့ လိုတယ်လို့ ဒုတိယ သမ္မတဟောင်း ရိခ် မာချာက ဘီဘီစီကို ပြောကြား ခဲ့ပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားစက တောင် ဆူဒန် အစိုးရ ဖမ်းဆီး ထားတဲ့ နိုင်ငံရေး သမား ၂ ယောက် ကိုလည်း ပြန်လွှတ် လိုက်ပါပြီ။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စဖို့ သဘောမတူခင်မှာ ဖမ်းဆီး ထားတဲ့ နိုင်ငံရေး သမား ၁၁ ယောက်လုံးကို အရင်ဆုံး ပြန်လွှတ်ဖို့ မစ္စတာ မာချာက တောင်းဆို နေဆဲ ဖြစ်ပါတယ်။

သမ္မတ ဆယ်လ်ဗာ ကီးယား အစိုးရက အပစ်ခတ် ရပ်စဲရေး လိုလားတာ ဖြစ်တဲ့ အတွက် ဒုသမ္မတဟောင်း ဘက် ကလည်း အလားတူ တုံ့ပြန်သင့်တယ်လို့ အရှေ့ အာဖရိက နိုင်ငံများ အဖွဲ့က ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ