မွတ်စလင် ညီနောင်အဖွဲ့ အကြမ်းဖက်အဖွဲ့ဖြစ်

  • 26 ဒီဇင်ဘာ 2013
muslim_brotherhood_protest
မွတ်စလင် ညီနောင် အဖွဲ့ကို ထောက်ခံသူတွေ

အီဂျစ် နိုင်ငံမှာတော့ ပြီးခဲ့တဲ့ သတင်းပတ် အတွင်းက ရဲ ဌာနချုပ် တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ စစ်တပ်က ကျောထောက် နောက်ခံပေး ထားတဲ့ ကြားဖြတ် အစိုးရက မွတ်စလင် ညီနောင်အဖွဲ့ရဲ့ လက်ချက်လို့ အပြစ်ဖို့ အပြီးမှာ သူတို့ကို အကြမ်းဖက် အဖွဲ့အစည်း တခု အဖြစ်ပါ သတ်မှတ် လိုက်ပါတယ်။

မွတ်စလင် ညီနောင် အဖွဲ့ကနေ ရွေးကောက်ပွဲ နိုင်ပြီး သမ္မတ ဖြစ်လာခဲ့တဲ့ မိုဟာမက် မော်ဆီကို စစ်တပ်က ဖြုတ်ချ ခဲ့ပြီး နောက် မတရားအသင်း အဖြစ်ပါ ကြေညာပြီး ဖြစ်ပါတယ်။

အဲဒီ အဖွဲ့ကို ထောက်ခံကြတဲ့ ဆန္ဒပြသူတွေ ကိုလည်း ဖမ်းဆီး နှိမ်နင်းမှုတွေ ရှိခဲ့ပါတယ်။

အခုလို အကြမ်းဖက် အဖွဲ့တခု အဖြစ်ပါ သတ်မှတ်လိုက်လို့ ဒီလို နှိမ်နင်းနိုင်ဖို့ အတွက် အာဏာပိုင်တွေဘက်မှာလုပ်ပိုင်ခွင့်တွေ ပိုရလာတော့မှာဖြစ်ပါတယ်။

အခုလို သတ်မှတ်ကြောင်းကို ကြေညာခဲ့သူ အီဂျစ် ဒုဝန်ကြီးချုပ် ဟော်ဆမ် အီဆာက ဒီ အဖွဲ့နဲ့ ပတ်သက်သူတွေ၊ ငွေကြေး ထောက်ပံ့သူတွေ နဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို အားပေး ထောက်ခံသူတွေ အားလုံး အရေးယူ ခံရမယ်လို့ ပါပြောသွား ခဲ့ပါတယ်။

သူက အခုလို ကြေညာရတာဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က နိုင်းလ်မြစ် ဝှမ်း ဒေသ မန်ဆူရာမှာ မှာ ရှိတဲ့ ရဲ ဌာနချုပ်ကို အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့လို့ လူ ၁၆ ဦး သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာ ရရှိ ခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

အီဂျစ် နိုင်ငံအတွင်း တောင် က မြောက်အထိ နိုင်ငံအနှံ့မှာ မွတ်စလင် ညီနောင် အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် စိုးရွံ့ နေကြရတယ်လို့ ပြောပါတယ်။

ဒါပေမယ့် မွတ်စလင် ညီနောင် အဖွဲ့ဘက်ကတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ငြင်းဆို ထားခဲ့ပါတယ်။ အလ်ကာယီးဒါး အဖွဲ့ကို အတုယူ ထားတဲ့ အဖွဲ့တခုကလည်း သူတို့လက်ချက်ဆိုပြီး ပြောထားပြီး ဖြစ်ပါတယ်။

ဒီ မွတ်လစင် ညီနောင် အဖွဲ့ဟာ အစ္စလာမ်မစ် လှုပ်ရှားမှုတွေ လုပ်ခဲ့တာ ၈၅ နှစ်ရှိပြီ ဖြစ်ပြီး အီဂျစ်ကို စစ်တပ် က စတင် အုပ်ချုပ်ခဲ့တဲ့ ၁၉၅၄ ခုနှစ်မှာ ပိတ်ပင် ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်း အန်ဂျီအို အဖွဲ့တခု အဖြစ် ပြောင်းပြီး မှတ်ပုံ တင် ခဲ့ပါတယ်။

လူထု အုံကြွမှု တွေကြောင့် အရင် သမ္မတ မူဘာရက် ပြုတ်ကျ ခဲ့ရတဲ့ ၂၀၁၁ နောက်ပိုင်းမှာ အဲဒီ အဖွဲ့ အနေနဲ့ နိုင်ငံရေး ထဲမှာ ပါဝင် ဆောင်ရွက် ဖို့ အတွက် လွတ်လပ်မှုနဲ့ တရားမျှတမှု ပါတီ အဖ်ဂျေပီ ဆိုပြီး ဖွဲ့စည်း ထားတာလည်း ရှိပါတယ်။

အခုတော့ သမ္မတ မော်ဆီ အာဏာက ပြုတ်ကျခဲ့တဲ့ နောက်ပိုင်း ၊ အစ္စလာမ်မစ် ဆန်တဲ့ ၂၀၁၂ ဖွဲ့စည်းပုံကို ဆိုင်းငံ့ပစ်ခဲ့တဲ့ နောက်ပိုင်း မှာ မွတ်စလင် ညီနောင် အဖွဲ့ရဲ့ တရားဝင် ရပ်တည်မှုနဲ့ ပတ်သက်လို့ အာဏာပိုင်တွေဘက်က စပြီး သုံးသပ် မှုတွေ လုပ်လာ ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ လတုန်းကတော့ ကိုင်ရို အရေးပေါ် ကိစ္စ ရေးရာ တရားရုံးက မွတ်စလင် ညီနောင် အဖွဲ့ရော သူတို့နဲ့ ပတ်သက်တဲ့ ၊ သူတို့ဆီက အထောက်အပံ့ ရယူတဲ့ အဖွဲ့အစည်း တွေမှန်သမျှကို ပိတ်ပင်တားမြစ် ခဲ့ပါတယ်။