ထိုင်း အတိုက်အခံ၊ ရွေးကောက်ပွဲ သပိတ်မှောက်

  • 21 ဒီဇင်ဘာ 2013

ထိုင်း အဓိက အတိုက်အခံ ဖြစ်တဲ့ ဒီမိုကရက် ပါတီက ဖေဖေါ်ဝါရီလ ၂ ရက်နေ့ ကျင်းပမယ် ဆိုတဲ့ အစိုးရ စီစဉ် ထားတဲ့ ရွေးကောက်ပွဲကို သပိတ် မှောက် ကြောင်း ကြေညာ လိုက်ပါ တယ်။

ဒီအတွက် နိုင်ငံမှာ လက်ရှိ ဖြစ်နေတဲ့ နိုင်ငံရေး အကျပ် အတည်းကို ပိုမို နက်ရှိုင်း ခက်ခဲ စေတော့မှာ ဖြစ်ပါတယ်။

ထိုင်း နိုင်ငံမှာ သီတင်းပတ်နဲ့ ချီတဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်ပွားခဲ့ ပြီးနောက် ဒီမိုကရက်ပါတီ ထိပ်တန်း ခေါင်းဆောင်တွေ ကနေ အခုလို ဆုံးဖြတ် ခဲ့တာ လည်း ဖြစ်ပါတယ်။

ဆန္ဒပြသူတွေ ကတော့ ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်က ရာထူးက ဆင်းပေးဖို့ တောင်းဆို ခဲ့ကြပေမယ့် ဝန်ကြီးချုပ် ကတော့ ရွေးကောက်ပွဲ ခေါ်မယ်လို့ ကြေညာခဲ့ တာပါ။

ဒီလို နိုင်ငံ မတည်ငြိမ်မှုတွေကြောင့် လက်ရှိ အစိုးရ အာဏာကို ခြိမ်းခြောက် လာခဲ့တဲ့ အထိ ဖြစ်ပွားခဲ့ပါတယ်။ ဒီမိုကရက် အမတ် တွေ ကလည်း ဆန္ဒပြ သူတွေကို ထောက်ခံတဲ့ အနေနဲ့ ပါလီမန် ကနေ ဒီလ အစောပိုင်းက နုတ်ထွက်ထား ပြီ ဖြစ်ပါတယ်။

အတိုက်အခံ ဘက်ကတော့ လူထု ကောင်စီမျိုး ဖွဲ့ပြီး တိုင်းပြည်ကို ယာယီ တာဝန်ယူကာ တိုင်းပြည်ရဲ့ နိုင်ငံရေး ပုံစံ အပြောင်း အလဲ လုပ့်ဖို့ကို လိုချင် နေကြတာ ဖြစ်ပါတယ်။

ထိုင်းစစ်တပ် သတိပေး

ထိုင်းကြည်းတပ် အကြီး အကဲ ဗိုလ်ချုပ်ကြီး Prayuth Chan-ocha ကလည်း လက်ရှိ နိုင်ငံရေး အကျပ် အတည်း အနေ အထား မျိုးမှာ အစိုးရ စီစဉ် ထားတဲ့ အတိုင်း ဖေဖေါ်ဝါရီလ ရွေးကောက်ပွဲ ကျင်းပမယ် ဆိုရင် တိုင်းပြည်မှာ ပြည်တွင်းစစ် ဖြစ်လာ နိုင်ဖွယ် ရှိတယ်လို့ သတိပေး ပြောကြား လိုက်ပါတယ်။

ထိုင်းစစ်တပ် ဟာ အရင်တုန်းက ဆိုရင် နိုင်ငံရေးမှာ ကြားဝင် ဆောင်ရွက် တာတွေ ရှိခဲ့ ပေမယ့်လို့ ဝန်ကြီးချုပ် ယင့်လတ်နဲ့ ဆန္ဒပြသူတွေ အကြား အခုလို နိုင်ငံ ရေး အကျပ် အတည်းတွေ ဖြစ်နေတဲ့ ဒီကနေ့ အချိန်မှာတော့ အခု အချိန်အထိ ဝင်ရောက် စွက်ဖက်ခြင်း မရှိပါ။