အီရန်ကို ဆီရီးယားဆိုင်ရာ အစည်းအဝေးတက်ဖို့ အမေရိကန်လက်မခံ

  • 21 ဒီဇင်ဘာ 2013
ဆီးရီးယား ပြည်တွင်းစစ်မြင်ကွင်း
ဆီးရီးယား ပြည်တွင်းစစ်မြင်ကွင်း

လာမယ့် ဇန္နဝါရီလ ၂၂ရက်နေ့မှာ ကျင်းပဖို့ရှိတဲ့ ဆီးရီးယား ပြဿနာ အဖြေရှာရေး အစည်းအဝေးမှာ ဘယ်နိုင်ငံတွေပါမယ်ဆိုတာ ဆုံးဖြတ်ဖို့ ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် လက်ဒါ ဘရာဟိမိဟာ အမေရိကန်နဲ့ ရုရှားကိုယ်စားတွေနဲ့ ဂျီနီဗာမှာ ဆွေးနွေးခဲ့ပါတယ်။

နိုင်ငံပေါင်း ၂၆နိုင်ငံ ပါဝင်ဖို့ ဖိတ်ပေမယ့်အဲဒီထဲမှာ အီရန်ကိုတော့ အမေရိကန်က ဖိတ်ဖို့သဘောမတူပါဘူး။ အီရန်ဟာ သမ္မတ အာဆတ်ကိုထောက်ခံတဲ့ နိုင်ငံဆိုပြီးအမေရိကန်ဘက်က ကန့်ကွက်နေတာပါ။

သူတို့ဘက်က ဂျီနီဗာအစည်းအဝေးတက်ဖို့ လိုလားကြောင်း မတက်ရရင်လည်း ဒီအစည်းအဝေးကို သူတို့ထောက်ခံပြီး ကုလသမဂ္ဂနဲ့ လက်တွဲလုပ်မယ်လို့ အီရန်က ပြောပါတယ်။

အခုအစည်းအဝေးမှာ အမေရိကန်နဲ့ရုရှားအပြင် လုံခြုံရေးကောင်စီထဲက ဗြိတိန် တရုတ်နဲ့ ပြင်သစ်တို့လည်း တက်ကြမှာဖြစ်ပါတယ်။

လက်ရှိ ဆီးရီးယားနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး ဝါလစ်မူလန်တက်မယ်လို့ ရုရှားတို့ကပြောပါတယ်။

အခုဆွေးနွေးပွဲဟာ အဟန့်အတားတွေ ရှိပြီး အဓိက အချက်ကတော့ ဆီးရီးယား အတိုက်အခံတွေထဲမှာ ဆက်သဘော ကွဲနေတာဖြစ်ပါတယ်။ ဒီအစည်းအဝေးက ထွက်လာမယ့် သဘော တူညီချက်တွေကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ အတိုက်အခံအချို့က ပြောကြောင်း ဂျနီဗာရှိ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

ဆီးရီးယားပြည်တွင်းစစ်ကြောင့် လူ၂သန်းကျော် နိုင်ငံကထွက်ပြေးနေရပြီး လက်ဘနွံ ဂျော်ဒန် တူရကီအီရတ်နဲ့ အီဂျစ်တို့မှာခိုလှုံနေကြရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ