NSA ရဲ့ အခန်းကဏ္ဍကို ပြန်သုံးသပ်မယ်လို့ သမ္မတ အိုဘားမားပြော

  • 21 ဒီဇင်ဘာ 2013
NSA လျှို့ဝှက်ချက်တွေ ထပ်မံ ပေါ်ထွက်လာ

အမေရိကန် သမ္မတ အိုဘားမားဟာ အမျိုးသား လုံခြုံရေး အေဂျင်စီNSA ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ဆွေးနွေးငြင်းခုန်မှုကို ကြိုဆိုလိုက်ပါတယ်။

NSA ရဲ့ လေ့လာ စောင့်ကြည့်မှုတွေကို ပြန်လည်သုံးသပ်တာ လုပ်ကောင်းလုပ်မှာ ဖြစ်ပေမယ့် အက်ဒွပ် စနိုဒင်ရဲ့ လူသိရှင်ကြား ဖွင့်ချမှုတွေကြောင့် အမေရိကန် ထောက်လှမ်းရေးရဲ့ စွမ်းဆောင်မှု အပေါ် မလိုလားအပ်တဲ့ ဂုဏ်သိက္ခာ ထိခိုက်မှုတွေ ဖြစ်ခဲ့ရတယ်လို့ အိမ်ဖြူတော်မှာ လုပ်တဲ့ နှစ်ကုန် သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ က ဆိုပါတယ်။

ဒါ့အပြင် ရုရှားမှာ ယာယီ နိုင်ငံရေး ခိုလှုံနေတဲ့ မစ္စတာ စနိုဒင်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ကို မစ္စတာ အိုဘားမားက ငြင်းဆိုခဲ့ပါတယ်။

ပြည်ပြေး အမေရိကန် ထောက်လှမ်းရေးဟောင်း အက်ဒွပ်စနိုဒင်ရဲ့ အခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အထောက်အထားတွေ အရ အမေရိကန်နဲ့ ဗြိတိသျှ ထောက်လှမ်းရေး အေဂျင်စီတွေဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ အတွင်း ပစ်မှတ် တထောင်ကျော်လောက်ကို လေ့လာ စောင့်ကြည့်ခဲ့တယ် ဆိုပါတယ်။

အဲဒီ ပစ်မှတ်ထား စောင့်ကြည့်သူတွေထဲမှာ အစ္စရေး ဝန်ကြီးချုပ် ၊ နိုင်ငံတကာ လူမှုကယ်ဆယ်ရေး အဖွဲ့ အကြီးအကဲတွေ ၊ အာဖရိက နိုင်ငံတွေက အကြီးအကဲတွေနဲ့ ဥရောပ ကော်မရှင်နာ မင်းကြီး တယောက်တို့ ပါဝင်ပါတယ်။

အခု ထွက်ပေါ်ချက်တွေသာ အမှန် ဖြစ်မယ် ဆိုရင် ဒါဟာ လက်မခံနိုင်စရာဘဲလို့ အဲဒီ ဥရောပ ကော်မရှင်နာ မင်းကြီးက ပြောပါတယ်။

အခုထွက်ပေါ်လာတဲ့ အထောက်အထားတွေ အရ အမေရိကန် ထောက်လှမ်းရေး NSA နဲ့ ဗြိတိသျှ ထောက်လှမ်းရေး အဖွဲ့ GCHQ တို့ဟာ နိုင်ငံပေါင်း ၆ဝကျော်က အခြေအနေတွေကို စောင့်ကြည့်ခဲ့တာလို့ ဆိုထားပါတယ်။