ဆီးရီးယား အတိုက်အခံကို အကူအညီရပ်

  • 11 ဒီဇင်ဘာ 2013
syria
အကူအညီတွေ အစွန်းရောက် လက်ထဲ ရောက်မှာစိုး

ဆီးရီးယား နိုင်ငံ မြောက်ပိုင်းက အတိုက်အခံ ဆီးရီးယား လွတ်မြောက်ရေး တပ်ကို ပေးမယ့် လက်နက် မဟုတ်တဲ့ အကူ အညီ တွေကို အမေရိကန်နဲ့ ဗြိတိန်က ရပ်ဆိုင်း လိုက် ပါတယ်။

အကူအညီ ပေးရေး ပစ္စည်း တွေထဲမှာ ဆေးဝါး အကူအညီတွေ၊ ဆက်သွယ်ရေး ပစ္စည်းတွေ၊ အစားအစာနဲ့ ဓာတ်အားပေး စက်ကြီးတွေ ပါပြီး ဒီအကူအညီ တွေ အစွန်းရောက် အဖွဲ့အစည်း တွေ လက်ထဲ ရောက်မှာ စိုးလို့ ရပ်ဆိုင်း လိုက်တာ ဖြစ်ပါတယ်။

ဒီလို အလောတကြီး ရုပ်သိမ်း လိုက်တဲ့ အတွက် အမေရိကန်နဲ့ ဗြိတိန် ဘက်က ပြန်လည် အကူအညီ ပေးလာနိုင်တယ်လို့ ဆီးရီးယား လွတ်မြောက်ရေး တပ်မတော် က ယူဆ နေပါတယ်။

ပြင်သစ် အစိုးရ ကတော့ သူ့ အကူအညီပေးရေး အစီအစဉ် ကို ဆက်လက် ထားရှိမယ် လို့ ဆိုပါတယ်။

အစွန်းရောက် အစ္စလာမ္မစ် တပ်ဦး သူပုန် တွေက ဆီးရီးယား လွတ်မြောက်ရေး တပ်က လက်နက် တွေကို အရင်ပတ်က သိမ်းပိုက်ခဲ့တယ် ဆိုတဲ့ သတင်း တွေကြောင့် အကူအညီ တွေ ဒီလို နောက်ဆုတ် သွားတာ ဖြစ်ပါတယ်။