အီရန် အဏုမြူရေး ဆွေးနွေးပွဲ တိုးတက်မှု

  • 7 နိုဝင်ဘာ 2013
အီရန် နိုင်ငံခြားရေး ဝန်ကြီး Javad Zarif

ဂျနီဗာမှာ ကျင်းပနေတဲ့ အီရန် အဏုမြူ ထိပ်သီး ဆွေးနွေးပွဲ ကနေ ကနဦး သဘော တူညီမှု တချို့ ရနိုင်မယ်လို့ ယုံကြည်ကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီး ဂျဗက်ဒ် ဇာရစ်ဖ် က ပြောကြား လိုက်ပါတယ်။

ယုံကြည်မှု တည်ဆောက်ရေး အပါအဝင် ကိစ္စရပ် တွေနဲ့ ပတ်သက်ပြီး ပူးတွဲ ကြေညာချက် ထုတ်ဖို့ သူတို့ ဘက်က အသင့် ရှိနေပြီလို့ အီရန် နိုင်ငံခြားရေး ဝန်ကြီး ဇာရစ်ဖ် က ပြောကြား ခဲ့တာပါ။

ဒါပေမဲ့ ယူရေနီယံ သန့်စင်မှု တွေကို အီရန်ဘက်က လုံးဝ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ပြောကြား နေဆဲ ဖြစ်ပါတယ်။

အနောက် အုပ်စု ပိတ်ဆို့မှု တချို့ ဖယ်ရှားပေးတဲ့ အခါမှာမှ အီရန်ဘက်က တုံ့ပြန်တဲ့ အနေနဲ့ သန့်စင်မှု တစိတ် တဒေသ ရပ်ဆိုင်းကြောင်း ကြေညာ နိုင်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောကြား ပါတယ်။

အနာဂတ် လုပ်ငန်းစဉ် တွေနဲ့ ပတ်သက်ပြီး အီရန် ဘက်က ခိုင်ခိုင်မာမာ သက်သေ ပြဖို့လိုတယ်လို့ပဲ အမေရိကန် က ပြောကြား ခဲ့ပါတယ်။

အိမ်ဖြူတော် ပြောခွင့်ရ ဂျေးကာနေ ကလည်း နိုင်ငံတကာ ကြောင့်ကြမှုကို ဖြေရှင်း ပေးနိုင်တဲ့ အပြီးသတ် သဘော တူညီမှု ခိုင်ခိုင်မာမာ ရမှသာ ပိတ်ဆို့မှု အားလုံးကို ဖယ်ရှား ပေးနိုင်မှာ ဖြစ်တယ်လို့ ပြောကြား သွားပါတယ်။

အဏုမြူ ဗုံးလုပ်ဖို့ အီရန်မှာ သန့်စင်ပြီး ယူရေနီယံ အလုံအလောက် စုဆောင်းပြီး ဖြစ်မှာကို အနောက် နိုင်ငံတွေက ပူပန် နေကြပါတယ်။

အီရန်မှာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက သမ္မတ ဟတ်ဆန် ရိုဟန်နီ အာဏာရ လာခဲ့ ပြီးကတည်းက အနောက် နိုင်ငံတွေနဲ့ အီရန် ဆက်ဆံရေး ပိုမို နွေးထွေးလာဖို့ မျှော်လင့် နေကြပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ