ခမာ ခေါင်းဆောင်ဟောင်းတွေ အပြစ် ဝန်မခံ

  • 31 အောက်တိုဘာ 2013
ယခင် တိုင်းပြည်အကြီးအကဲ ခိရူဆမ်ဖန်း ကို တရားခွင်မှာ တွေ့ရစဉ်

ကမ္ဘောဒီးယား နိုင်ငံမှာ အသက်ရှင် ကျန်နေတဲ့ ခမာခေါင်းဆောင်တွေက သူတို့အပေါ် စွဲဆို ထားတဲ့ လူသားတွေအပေါ် ရက်စက်စွာ ကျူးလွန်တဲ့ ရာဇဝတ်မှု ဆိုင်ရာ အပြီးသတ် တရားစီရင် ကြားနာပွဲမှာ နောက်ဆုံး ထွက်ဆို ချက်ကို သူတို့က တင်ပြခဲ့ကြပြီး သူတို့အပေါ် စွဲဆို ထားချက်တွေကို ဆက်လက် ငြင်းပယ် ခဲ့ကြပါတယ်။

တချိန်က ညီအကို နံပါတ် ၂လို့ လူသိများတဲ့ Nuon Chea က ကိုယ်ကျင့်တရား လူ့ကျင့်ဝတ် သိက္ခာပိုင်း ဆိုင်ရာအရ တချို့ကိစ္စတွေမှာ သူတို့ တာဝန်ရှိတယ်ဆိုတာကို လက်ခံကြောင်း ပြောကြားခဲ့ပြီး လူအများအပြား သေဆုံးခဲ့ရမှုတွေ အတွက် နောင်တရမိပါတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီပြစ်မှုတွေဟာ လက်အောက်ခံ သစ္စာဖောက်တွေကြောင့် ဖြစ်ရတာလို့ သူက ပြစ်တင် ပြောကြားခဲ့ပါတယ်။

အရင်တုန်းက တိုင်းပြည် အကြီးအကဲ ဖြစ်တဲ့ Khieu Samphan ကလည်း အကြီးအကျယ် သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ သူမသိခဲ့ဘူးလို့ ဆိုပြီး သိခဲ့ရင်လည်း သူ့မှာ ဝင်ရောက် စွက်ဖက်ဖို့ အာဏာမရှိခဲ့ဘူးလို့ သူက ပြောပါတယ်။

၁၉၇ဝ ခုနှစ်တွေတုန်းက ခမာတွေ အုပ်ချုပ်ခဲ့စဉ် အတွင်း လူ ၂ သန်းကျော် အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။