BBC navigation

သူပုန်စခန်း ဆီးရီးယား အစိုးရ သိမ်းလို့ အမေရိကန် ရှုတ်ချ

နောက်ဆုံး ရေးသားချိန် 19 အောက်တိုဘာလ 2013 - 01:11 GMT

ဆီးရီးယား ဒုက္ခသည်တွေ ဖြစ်သလို အိပ်စက်နေရ

ဆီးရီးယား နိုင်ငံ ဒမားစကပ်စ်မြို့ ဆင်ခြေဖုံးက သူပုန်တွေ ခြေကုပ်ယူရာ ဒေသကို အစိုးရက သိမ်းပိုက်လိုက်တဲ့ အပေါ် အမေရိကန် အစိုးရက ရှုတ်ချလိုက်ပြီး တိုက်ပွဲ ဖြစ်ပွားမှုတွေကြောင့် အရပ်သားတွေ အတွက် လူမှုကယ်ဆယ်ရေး အကူအညီပေးမှု ပြတ်တောက်သွားရတာတွေကို ချက်ချင်း ပြန်ဖွင့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

လပေါင်းများစွာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးတဲ့နောက် လူတွေဟာ ရိက္ခာ ၊ ရေနဲ့ ဆေးဝါးတွေ အကြီးအကျယ် လိုအပ်နေတယ်လို့ အမေရိကန်က ပြောပါတယ်။

ဆီးရီးယား စစ်တပ်ကတော့ သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို သူတို့ဆီ အပ်ရမယ် ၊ မအပ်ရင် အဲဒီက လူတွေ ငတ်မွတ်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ပြောပါတယ်။

ဘီဘီစီက ရထားတဲ့ ပုံတွေ အရ ဆင်ခြေဖုံး ဒေသတခု ဖြစ်တဲ့ ရာမွတ် အရပ်မှာ မိသားစုတွေဟာ ခဲခဲယဉ်းယဉ်း ရှာဖွေ စားသောက်နေတာကို တွေ့ရပါတယ်။

သမ္မတ အာဆက်ရဲ့ နန်းတော်ကနေ ကီလိုမီတာ အနည်းငယ်သာ ဝေးတဲ့ နေရာမှာ အာဟာရချို့တဲ့ပြီး သေလုမျောပြား ဖြစ်နေတဲ့ ကလေးတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ရတယ်လို့ အမေရိကန် ကလည်း ပြောပါတယ်။

မနှစ်တုန်းက ဆီးရီးယားမှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ ရှီယား မွတ်ဆလင် လက်ဘနွန် ဘုရားဖူးသမား ကိုးယောက် ပြန်လွတ်လာပြီလို့ လက်ဘနွန် ပြည်ထဲရေး ဝန်ကြီး Marwan Charbel က ပြောပါတယ်။

ဘုရားဖူးတွေဟာ တူရကီ က တဆင့် သူတို့အိမ်ကို ပြန်ရောက်လာပြီလို့ မစ္စတာ ချာဘဲလ် က ဆိုပါတယ်။

လက်တုန့်ပြန်တဲ့ အနေနဲ့ လက်ဘနွန်မှာ ပြီးခဲ့တဲ့ လတုန်းက ပြန်ပေးဆွဲ ခံခဲ့ရတဲ့ တူရကီ လေယာဉ်မောင်းသမား နှစ်ယောက်ကို လွတ်မြောက်လာစေဖို့ လမ်းကြောင်းပေးတဲ့ အနေနဲ့ အခုလို ပြန်လွှတ်ပေးလိုက်တာ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

လက်ဘနွန်က ရှီးယား စစ်သွေးကြွ ဟစ်ဇဘိုလာတွေက ပြည်တွင်းစစ် ဖြစ်နေတဲ့ ဆီးရီးယားမှာ အစိုးရ တပ်ဖွဲ့တွေ ဖက်က ဝင်တိုက်ပေး နေချိန်မှာ တူရကီက ဆီးရီးယား သူပုန်တွေကို ထောက်ခံတာ ဖြစ်ပါတယ်။

ပြန်လွတ်လာတဲ့ ဘုရားဖူး ကိုးယောက်ဟာ အီရန်က ရှီးယား တွေရဲ့ ဘာသာရေး အရ အထွတ်အမြတ် ထားရာ နေရာတွေကို သွားရောက် လည်ပတ်ရင်း ပြန်ပေးဆွဲ ခံခဲ့ရတာဖြစ်ပါတယ်။

တူရကီ လေယာဉ်မောင်း သမားတွေကတော့ ဘေရွတ်မြို့မှာ အမည်မသိ အဖွဲ့က အစောပိုင်းတုန်းက ပြန်ပေးဆွဲ သွားခဲ့တာ ဖြစ်ပြီး ခုလွတ်လာတဲ့ ဘုရားဖူးတွေနဲ့ အပြန်အလှန် လဲလှယ်ဖို့ အဲဒီ အဖွဲ့က ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။