ဆီးရီးယား၊ လက်ဘနွန်နဲ့ တူရကီတို့ကြား အကျဉ်းသား အလဲအလှယ် လုပ်

  • 20 အောက်တိုဘာ 2013
လွတ်မြောက်လာသူ လက်ဘနွန် နိုင်ငံသား တွေထဲက တယောက်

ဆီးရီးယား၊ လက်ဘနွန်နဲ့ တူရကီတို့ကြား မနေ့တုန်းက အကျဉ်းသား အလဲအလှယ် လုပ်ခဲ့ကြပါတယ်။

ဆီးရီးယား မြောက်ပိုင်းက သူပုန်တွေ ကနေ ၁ နှစ်ခွဲလောက် ဖမ်းဆီးထားခဲ့တဲ့ လက်ဘနွန်က ရှီးယား မွတ်ဆလင် ၉ ဦး အခုဆိုရင် ပြန်လွတ်လာပြီ ဖြစ်ပါတယ်။

သူတို့ကို လာကြိုကြတဲ့ မိသားစုဝင်တွေ ဆွေမျိုးတွေ မိတ်ဆွေတွေလည်း ဝမ်းသာကြလွန်းလို့ မျက်ရည်မဆည်နိုင်ဖြစ်ကြ၊ အော်ဟစ်ကြိုဆိုကြတဲ့အသံတွေ လေဆိပ်ထဲမှာ ညံနေတာ တွေ့ရပါတယ်။

အခု လွတ်လာတဲ့ ရှီးယားမွတ်ဆလင်တွေက သူတို့ကိုယ်သူတို့ ဘုရားဖူးတွေလို့ ပြောပါတယ်။

ဒါပေမယ့် ဆီးရီးယားသူပုန်တွေကတော့ ဒီလူတွေဟာ ဟစ်စဘိုလာလက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်နေတယ်ဆိုပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယား ပြည်တွင်းစစ်ဖြစ်နေကြားက ဒီဖမ်းဆီးခံရသူတွေ ပြန်လွတ်ဖို့ အတွက်လည်း ကြားထဲမှာ အကြိမ်ကြိမ် ခက်ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရတာ ဖြစ်ပါတယ်။

သူတို့ကို လွတ်ပေးဖို့အတွက် ဘေရုမြို့မှာ ပြီးခဲ့တဲ့ ၂ လက ဖမ်းဆီးခံရထားရတဲ့ တူရကီ လေကြောင်းက လေယာဉ်မှူး ၂ ဦးကိုလည်း တရက်တည်းမှာပဲ အပြန်အလှန်အနေနဲ့ လွှတ်ပေးခဲ့ရပါတယ်။

လွတ်လာသူတွေ ကိုယ့်နိုင်ငံပြန်ဖို့အတွက်တော့ လေယာဉ်တွေကို ကာတာနိုင်ငံက စီစဉ်ပေးခဲ့ပါတယ်။

တကယ်တော့ ကာတာရော၊ တူရကီပါ ဆီးရီးယားသူပုန်တွေကို ထောက်ခံပေမယ့် ဒီကိစ္စမှာတော့ ကာတာက ဒီလို သဘောတူညီမှုရအောင် ကြားဝင်ပြီး စေ့စပ်ပေးခဲ့ပါတယ်။

ဒီသဘောတူညီမှု တစိတ်တပိုင်းအဖြစ် ဆီးရီးယားအစိုးရကလည်း ဒါဇင်နဲ့ချီတဲ့ အတိုက်အခံတချို့ကို လွတ်ပေးခဲ့ပြီး အများစုက အမျိုးသမီးတွေ ဖြစ်ပါတယ်။

အခုလို ညှိနှိုင်းပြီးတော့ အကျဉ်းသားအလဲအလှယ် လုပ်တာဟာ စေ့စပ်ညှိနှိုင်းရေးလမ်းကနေ ဆီးရီးယား ပြည်တွင်းစစ်ရပ်စဲရေး မျှော်လင့်ချက် လမ်းစလို့လည်း တချို့က သုံးသပ်ကြပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံတကာဘက်ကလည်း ရှေ့လ ဂျနီဗာမှာ ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်ဖို့ ဆက်လက် ကြိုးပမ်းနေတာလည်း တွေ့ရပါတယ်။

တူရကီ လေယာဉ်မှူး နှစ်ယောက်လည်း မနေ့၊ စနေနေ့ ညတုန်းက အစ္စတန်ဘူးလ်မြို့ကို ပြန်ရောက်လာခဲ့ပြီး တူရကီ ဝန်ကြီးချုပ် ရာဂျစ် တေရပ်ပ် အာဒိုဂမ် က လေဆိပ်မှာ လာကြိုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ