ဘိုရှီလိုင်ရဲ့ အယူခံကို ကြားနာမယ်

  • 9 အောက်တိုဘာ 2013
အယူခံမှာ အနိုင်ရဖို့ အခွင့်အလမ်းနည်းပါးတယ်လို့ ခန့်မှန်းကြ

တရုတ်နိုင်ငံမှာ လာဘ်ပေးလာဘ်ယူမှု၊ ငွေကြေး အလွဲ သုံးစားမှု၊ အာဏာအလွဲသုံးမှု တို့နဲ့ ထောင်ဒဏ် တစ်သက် ချမှတ်ခံထားရတဲ့ ထိပ်တန်း ပါတီ ခေါင်းဆောင်ဟောင်း ဖြစ်သူ ဘိုရှီလိုင်ရဲ့ အယူခံကို ကြားနာမယ်လို့ တရားရုံးက ပြောပါတယ်။

ဆယ်စုနှစ်ပေါင်း များစွာအတွင်း နိုင်ငံရေးအရ အာရုံ စူးစိုက်မှု အခံရဆုံး ဖြစ်ခဲ့တဲ့ ကြားနာ စစ်ဆေးမှုအရ သူ့မှာ အပြစ်ရှိကြောင်း ပြီးခဲ့တဲ့လက ဆုံးဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မနှစ်က ဖမ်းဆီးမခံရခင်မှာ ဘိုရှီလိုင်းဟာ တရုတ်နိုင်ငံက အာဏာရ ကွန်မြူနစ်ပါတီရဲ့ ထိပ်ဆုံး ခေါင်းဆောင် ရာထူးနေရာကို တိုးမြှင့် ပေးခံရလိမ့်မယ်လို့ မျှော်လင့်ချက်တွေ ရှိခဲ့ပါတယ်။

မစ္စတာ ဘိုရှီလိုင်ရဲ့ အယူခံကို ရှန်ဒုန်း Shandong တရားရုံးချုပ်မှာ ကြားနာမှာ ဖြစ်ပါတယ်။

ဘေကျင်းမြို့တော်က ဘီဘီစီ သတင်းထောက်ကတော့ တရုတ်ကွန်မြူနစ် ပါတီက ထိန်းချုပ်ထားတဲ့ တရားရုံးက အပြစ် ရှိတယ်လို့ ဆုံးဖြတ် ထားခဲ့ပြီးမှ ဘိုရှီလိုင်ရဲ့ ပြစ်ဒဏ်ကို ပြောင်းလဲ ပေးဖို့ သိပ်မမြင်ဘူးလို့ သုံးသပ်ပါတယ်။

ဘိုရှီလိုင်ရဲ့ မိသားစုနဲ့ နီးစပ်သူတွေကတော့ ဒီအယူခံကို လူထုရှေ့ မှာ နာကြားဖို့တော့ သိပ်ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ပြောကြောင်း နယူးယောက် တိုမ်းစ် သတင်းစာမှာ ဖော်ပြထားပါတယ်။ လေ့လာသူတွေကတော့ တရုတ် အစိုးရဟာ ဘိုရှီလိုင်ကို လူသိရှင်ကြား ခြေပခွင့် ထပ်ပြီး ပေးဖို့ ဆန္ဒမရှိဘူးလို့လည်း ဆိုပါတယ်။

အရင်က ချုံကင်း ကွန်မြူနစ် ပါတီခေါင်းဆောင်ဟောင်း ဘိုရှီလိုင်းဟာ ဒီအမှုကို စစ်နေစဉ်မှာကတည်းက စွဲချက်တွေကို ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့တာဖြစ်ပြီး အခု သူ့ရဲ့ပြစ်ဒဏ်ကို အယူခံ တင်တာ ဖြစ်ပါတယ်။

သူ့အမှုကို စစ်ဆေးခဲ့တဲ့ ရှန်ဒုံး ပြည်နယ် တရားရုံးအနေနဲ့ သူ့ရဲ့ အယူခံကို လက်ခံလိုက်ပေမယ့် ဘယ်တော့လောက်မှာ စဉ်းစားမယ်ဆိုတာတော့ ပြောဆိုခြင်း မရှိပါဘူး။

ဘိုရှီလိုင်ဟာ တစ်ချိန်က လူကြိုက်များတဲ့၊ ထိပ်ဆုံး တက်နိုင်မယ့် ခေါင်ဆောင်လောင်း တစ်ယောက် ဆိုပြီး အားလုံးက ရှုမြင်ခဲ့ကြပါတယ်။ တရုတ်ပြည်မှာ ၁၀ နှစ်တစ်ခါ ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေ စလုပ်ချိန်မှာ ဘိုရှီလိုင်ရဲ့ ကျဆုံးခန်း စခဲ့တာ ဖြစ်ပါတယ်။

ချန်ဒူးမြို့က အမေရိကန် ကောင်စစ်ဝန်ရုံးကို သူ့လက်အောက်က ဝမ်လီဂျန်က ခိုးဝင်ခဲ့လို့ ဘိုရှီလိုင် တာဝန်ကနေ ဖယ်ရှားခံရပြီးနောက် ဗြိတိသျှ စီးပွားရေးသမား အသတ်ခံရမှုနဲ့ ဘိုရှီလိုင်ရဲ့ ဇနီးပါ အဖမ်းခံရ၊ ပြစ်ဒဏ်ကျခံရတာတွေ ဖြစ်ခဲ့ပါတယ်။

ဘိုရှီလိုင်ကို ရုံးတင်တော့လည်း အဲဒီ လူသတ်မှုနဲ့ ပတ်သက်လို့ အာဏာသုံးပြီး ဖုံးကွယ်ခဲ့တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

ဘိုရှီလိုင် အမှုကြောင့် တရုတ် ထိပ်တန်း နိုင်ငံရေးလောကမှာ အတော်လေးကို လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။