Tony Abbott အင်ဒိုနီးရှား ကို ရောက်လာတော့မယ်

  • 30 စက်တင်ဘာ 2013
သြစတြေးလျ ဝန်ကြီးချုပ်သစ် Tony Abbott

ခိုလှုံခွင့် တောင်းခံမှုတွေ အပေါ် ထားတဲ့ သူ့ရဲ့ ပေါ်လစီတွေကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေတဲ့ ကြားက သြစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့ထ် ဟာ အင်ဒိုနီးရှားနိုင်ငံကို လာမယ့် နာရီပိုင်း အတွင်း ရောက်လာတော့မှာ ဖြစ်ပါတယ်။

အခုလ အစောပိုင်းတုန်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အပြီး ပထမဆုံး တရားဝင် ခရီးစဉ် အတွင်း မစ္စတာ အက်ဘော့ထ် ဟာ နှစ်နိုင်ငံ စီးပွားရေး ခိုင်မာအောင် တည်ဆောက် ချင်တာ ဖြစ်ပါတယ်။

ဒါပေမယ့် သူ့အစိုးရ ပေါ်လစီ အရ လှေစီးရောက်လာတဲ့ ခိုလှုံခွင့် တောင်းသူတွေကို အင်ဒိုနီးရှား ရေပိုင်နက်ထဲ ပြန်ပို့ပစ်တဲ့ အတွက် ဒါဟာ အချုပ်အချာ အာဏာကို ထိပါးတာဘဲ ဆိုပြီး အင်ဒိုနီးရှား အစိုးရက ဒေါသထွက်နေတာ ဖြစ်ပါတယ်။

အခု လပိုင်းတွေအတွင်း အန္တရယ်တွေကြားက လူအများအပြား တင်လာတဲ့ လှေတွေဟာ သြစတြေးလျမှာ ခိုလှုံဖို့ သွားရင်း လမ်းမှာ နစ်မြုပ်ကုန်တာ ဖြစ်ပါတယ်။

ခိုလှုံခွင့်တောင်းမယ့်သူ အပြည့်တင်လာတဲ့ လှေတစင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အင်ဒိုနီးရှား ကမ်းရိုးတမ်းမှာ နစ်မြုပ်သွားတာကြောင့် လူ၂၈ယောက် သေဆုံးပြီး သြစတြေးလျ ဖက်က ကယ်ဆယ် ကူညီမှု မရှိခဲ့ဘူးလို့ အသက်မသေဘဲ ကျန်တဲ့သူတွေက စွပ်စွဲ ပြောဆိုနေပါတယ်။

အဲဒီ လှေကို ထိုက်သင့်တဲ့ အကူအညီတွေ အားလုံး ထောက်ပံ့ပေးခဲ့ပါတယ်လို့ သြစတြေးလျ ဖက်က အခိုင်အမာ တုန့်ပြန် ပြောကြားခဲ့ပါတယ်။