ဆီးရီးယား ဓါတုလက်နက်ကိစ္စ ကုလ ၅နိုင်ငံ သဘောတူ

  • 26 စက်တင်ဘာ 2013
သမ္မတ အာဆတ်ကို ဆန့်ကျင်တော်လှန်မှုတွေ စခဲ့တဲ့ ၂၀၁၁ခုနှစ်ကတည်းက သေဆုံးသူ တသိန်းကျော် ရှိ

ဆီးရီးယား ဓါတုလက်နက် ဖျက်သိမ်းရေး ဆုံးဖြတ် ပြဌာန်းချက် မူကြမ်းနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် ၅နိုင်ငံအကြား သဘောတူချက် ရသွားပြီ ဖြစ်ပါတယ်။

သဘောတူချက်ပါ စာသား အပြည့်အစုံကို မကြာခင် အချိန်ပိုင်းမှာပဲ လုံခြုံရေး ကောင်စီထံ တင်ပြမှာ ဖြစ်ပါတယ်။

သဘောတူချက် ရသွားပြီ ဆိုတဲ့အကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ် က အတည်ပြု ပြောခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက် မူကြမ်းထဲမှာ စစ်ရေးအရ အင်အားသုံး ဆောင်ရွက်နိုင်ခွင့် ရှိတဲ့ ကုလသမဂ္ဂ ပဋိဉာဉ် စာတမ်းပါ အချက် ၇ အရ ချက်ချင်း အာဏာတည်စေမယ့် အချက်မျိုးတွေ မပါဝင်ဘူးလို့ သူက ပြောပါတယ်။

တကယ်လို့ ဒီ ဆုံးဖြတ်ချက် မူကြမ်း အတည်ဖြစ်မယ် ဆိုရင်တော့ ဒီ ဆုံးဖြတ်ချက် သစ်ဟာ လုံခြုံရေး ကောင်စီမှာ နှစ်နှစ်ခွဲကြာ ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေမှုကို အဆုံးသတ်စေမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ပြီးခဲ့တဲ့လက ဒမာ့စကပ်စ်မြို့ ပြင်မှာ ဓါတု အဆိပ်ဓါတ်ငွေ့တွေနဲ့ တိုက်ခိုက်ခဲ့မှု တခုနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရက စစ်ရေးအရ တုန့်ပြန် ဆောင်ရွက်လာမှာကို တားဆီးတဲ့အနေနဲ့ ဆီးရီးယားကို ဓါတု လက်နက်တွေ စွန့်လွှတ်ဖို့ ရုရှားက အဆိုပြုခဲ့တာ ဖြစ်ပါတယ်။