ဝါရှင်တန် ပစ်ခတ်မှု အနည်းဆုံး ၁၂ဦးသေ

  • 16 စက်တင်ဘာ 2013
သေဆုံးသူတွေထဲမှာ သေနတ်သမားလည်း ပါ

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့လယ်က ရေတပ် အဆောက်အအုံတခုမှာ တွေ့ရာမရှောင် သေနတ်နဲ့ ပစ်ခတ်ခဲ့မှုအတွင်း သေနတ်သမားလို့ ယူဆရသူ အပါအဝင် လူ၁၃ဦး သေဆုံးသွား ပါတယ်။

သေနတ်သမားလို့ ယူဆရသူဟာ ၂၀၁၁ခုနှစ်အထိ အမေရိကန် ရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့သူ အသက် ၃၄နှစ် အရွယ် တက္ကဆက်စ် ပြည်နယ်သား တဦး ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်သေနတ်သမားတဦးလည်း ထွက်ပြေး လွတ်မြောက်နေဆဲပဲလို့ ရဲတွေက ယူဆနေကြပါတယ်။

အနားမှာ ရှိတဲ့ အမေရိကန် ဆီးနိတ် လွှတ်တော်ကို ယာယီ ပိတ်ထားလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ အကြမ်းဖက် တိုက်ခိုက်မှုလို့ ယူဆစရာ အကြောင်းမရှိပေမယ့် အကြမ်းဖက်မှု မဟုတ်ဘူးလို့တော့ တပ်အပ် မပြောနိုင်ဘူးလို့ ဝါရှင်တန် မြို့တော်ဝန်က ပြောပါတယ်။

အမေရိကန် သမ္မတ အိုဘားမားက ဒီတိုက်ခိုက်မှုကို နောက်ထပ် လူအစုလိုက် အပြုံလိုက် ပစ်ခတ် သတ်ဖြတ်မှုတခု အဖြစ် ဖေါ်ညွှန်း ပြောဆိုလိုက်ပြီး ထိခိုက် သေဆုံးခဲ့သူတွေအတွက် ဝမ်းနည်း စိတ်မကောင်း ဖြစ်မိကြောင်း ထုတ်ဖေါ် ပြောဆိုခဲ့ပါတယ်။