ဆီးရီးယားက ဓါတုလက်နက် ဖျက်စီးပစ်မယ့် အစီအစဉ်ကို အမေရိကန်နဲ့ ရုရှား သဘောတူ

  • 15 စက်တင်ဘာ 2013
အမေရိကန် နဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးများ

ဆီးရီးယားက ဓါတုလက်နက်တွေကို လုံခြုံစိတ်ချ အရဆုံးနဲ့ အမြန်ဆုံး ဖယ်ရှား ဖျက်စီး ပစ်မယ့် အစီအစဉ် တရပ်ကို အမေရိကန်နဲ့ ရုရှားတို့ သဘောတူ ခဲ့ကြပါတယ်။

ဆီးရီးယား အနေနဲ့ သူ့ရဲ့ ဓါတုလက်နက် စာရင်း အပြည့်အစုံကို သီတင်းတပတ်အတွင်း တင်ပြရမယ် ၊ လာမယ့် နိုဝင်ဘာမှာ လက်နက် စစ်ဆေးရေးမှူးတွေကို ဝင်ရောက် စစ်ဆေးခွင့် ပေးရမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။

ဂျနီဗာ မြို့မှာ ရုရှား နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် မစ္စတာ ကယ်ရီက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

၂ဝ၁၄ ခုနှစ်လယ်ပိုင်းမှာ ဆီးရီးယားက ဓါတုလက်နက်တွေ အကုန်လုံး လုံးဝ ဖျက်ဆီးပြီးသား ဖြစ်နေရမယ်လို့ ရည်မှန်းထားကြောင်း သူက ဆိုပါတယ်။

ဆီးရီးယား ပြည်တွင်းစစ်ထဲက အဖွဲ့အစည်း အားလုံး ပါဝင်တဲ့ ကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တခုကို သူတို့ နှစ်ယောက်လုံးက ပြန်ကျင်းပချင်ကြောင်း မစ္စတာ ကယ်ရီနဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လာဗ်ရော့ဗ် တို့ က ပြောပါတယ်။

မစ္စတာ လာဗ်ရော့ဗ် ကတော့ အဆိုပြုထားတဲ့ သဘောတူချက်အရ ဆီးရီးယား အနေနဲ့ လိုက်နာဖို့ ပျက်ကွက်ခဲ့ရင် စစ်ရေးအရ အရေးယူဖို့ ရှိတယ်လို့ မဆိုလိုဘူးလို့ ပြောပါတယ်။

ဓါတုလက်နက် ဖျက်သိမ်းရေး သဘောတူညီမှု အစီအစဉ်နဲ့ ပတ်သက်လို့ ဆီးရီးယား အစိုးရ ဖက်က တုန့်ပြန် ပြောဆိုမှုတွေ မရှိခဲ့ပါဘူး။

သတိပေးလိုက်တဲ့ သမ္မတ အိုဘားမား

အမေရိကန် သမ္မတ အိုဘားမားက ဂျနီဗာမြို့က သဘောတူညီမှုကို ကြိုဆိုလိုက်ပေမယ့် ဆီးရီးယား အရေးမှာ သံတမန် နည်းအရ မအောင်မြင်ဘူး ဆိုရင် အမေရိကန်က စစ်ရေး အရ အရေးယူဖို့ ဆက်လက် ပြင်ထားစဲဘဲလို့ သတိပေး လိုက်ပါတယ်။

အမေရိကန်က စစ်ရေးအရ အရေးယူမယ်လို့ ခြိမ်းခြောက်ပြောဆိုမှုဟာ ဆီးရီးယားက ဓါတုလက်နက် အသုံးပြုမှု အဆုံးသတ်သွားအောင် သံတမန်နည်းလမ်းအရ လုပ်ဆောင်မှုတွေကို အားပေး ကူညီရာ ရောက်လိမ့်မယ်လို့ သူက ပြောကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အရေးပါတဲ့ တိုးတက်မှုတွေ ရှိလာပေမယ့်လည်း အများကြီး လုပ်စရာတွေ ကျန်သေးတယ်လို့ သူက ဆိုပါတယ်။

ဒီ ဓါတုလက်နက် ဖျက်သိမ်းရေး သဘောတူညီချက်က ဆီးရီးယား ပြည်သူတွေ ခံစားနေရတာတွေ အဆုံးသတ် သွားစေမယ့် ကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေးကို အကောင်အထည် ဖော်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ရကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။

ဗိုလ်ချုပ်ကြီး Selim Idris

ဆီးရီးယားက အဓိက သူပုန်အဖွဲ့ Free Syrian Army ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Selim Idris က ဓါတုလက်နက် ဆိုင်ရာ သဘောတူညီချက်ကို ပယ်ချလိုက်ပါတယ်။

ဒီသဘောတူညီချက်က ဆီးရီးယား အရေးကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး ၊ အဆိပ်ဓါတ်ငွေ့သုံး တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ရာနဲ့ချီ သေဆုံးခဲ့ရတဲ့ ပြဿနာကို သမ္မတ အာဆတ် အနေနဲ့ တာဝန်ယူရမယ့် အစား ဒီသဘောတူညီချက်ကြောင့် ရှောင်လွဲသွားစေနိုင်တယ်လို့ သူက ပြောပါတယ်။

အတိုက်အခံ ဆီးရီးယား အမျိုးသား ညွှန့်ပေါင်း အဖွဲ့ ကတော့ အလယ်အလတ် အစ္စလာမ် ဝါဒီ တယောက်ကို ဒေသန္တရ ဆိုင်ရာ ဝန်ကြီးချုပ် အဖြစ် ရွေးချယ် ခန့်ထားခဲ့ပါတယ်။

Ahmad Tumeh ဟာ သူပုန်တွေ ထိန်းချုပ်တဲ့ နေရာတွေကို အုပ်ချုပ်နိုင်ဖို့ ကတ်ဘိနက် အဖွဲ့တခု ဖွဲ့ဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။

တချိန်တည်းမှာ ဆီးရီးယား အစိုးရတပ်တွေနဲ့ အတိုက်အခံ လက်နက်ကိုင် အဖွဲ့တွေ ဒမားစကပ်စ်မြို့မှာ ဆက်လက် တိုက်ခိုက်မှုတွေ ဖြစ်နေတုန်းဘဲလို့ သတင်းရရှိပါတယ်။