ဂျွန်ကယ်ရီ ပြင်သစ်မှာ အာရပ်အဖွဲ့ချုပ် ဝန်ကြီးတွေနဲ့တွေ့

  • 8 စက်တင်ဘာ 2013
ဂျွန်ကယ်ရီနဲ့ အာရပ်အဖွဲ့ချုပ် ခေါင်းဆောင်တွေ

ဆီးရီးယား နိုင်ငံကို စစ်ရေး အရ အရေးယူရေး အမေရိကန်ရဲ့ အစီအစဉ်ကို ထောက်ခံမှု ရအောင် ဥရောပ နိုင်ငံတွေကို လှည့်လည် စည်းရုံး နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီဟာ အာရပ် နိုင်ငံများ အဖွဲ့ချုပ်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ပြင်သစ် နိုင်ငံမှာ တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။

ဓါတု လက်နက် အသုံးပြုရေးဆိုင်ရာ နိုင်ငံတကာရဲ့ ကန့်သတ်ပိတ်ပင်မှုတွေကို ဆီးရီးယား အစိုးရက ချိုးဖောက်ခဲ့တယ် ဆိုတာ အားလုံး တညီတညွတ်တည်း သဘောတူလက်ခံ ခဲ့ကြတယ်လို့ ဆွေးနွေးပွဲ အပြီး ပဲရစ် မြို့တော်မှာ မစ္စတာ ကယ်ရီက ပြောခဲ့ပါတယ်။

ဆီးရီးယားကို အမေရိကန် ဦးဆောင်ပြီးစစ်ရေး အရ အရေးယူ ဆောင်ရွက်မှုဟာ ဓါတု လက်နက် အသုံးပြုရေးဆိုင်ရာ နိုင်ငံတကာရဲ့ စံချိန် စံနှုန်းတွေကို လိုက်နာ စေဖို့ ရည်ရွယ်တာသာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဆီးရီးယား ပြဿနာကို စစ်ရေး အရ မဟုတ်ဘဲ နိုင်ငံရေး အရ အဖြေရှာဖို့ လိုအပ်တယ်၊ အမေရိကန် အနေနဲ့ လည်း ဒါကိုပဲ ထပ်ကာ တလဲလဲ ပြောခဲ့တယ်၊ သူ့ အနေနဲ့လည်း ဒီကိစ္စ ပြောတိုင်း ဒါကို ထည့်သွင်း ပြောခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီက ပြောခဲ့ပါတယ်။

တချိန်တည်း မှာပဲ အီရန် နိုင်ငံခြားရေး ဝန်ကြီး Javed Zarif က အမေရိကန်က ဆီးရီးယားကို ဝင်တိုက်မယ် ဆိုတာဟာ ကုလ သမဂ္ဂ ပဋိညာဉ်နဲ့ ဖီလာ ဆန့်ကျင် ဖြစ်နေတယ်လို့ ပြောပါတယ်။

စောစောပိုင်းက ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Laurent Fabius နဲ့ အတူ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ ကယ်ရီက ပြီးခဲ့တဲ့ လက ဒမတ်စကပ်စ် မြို့မှာ ဓါတု လက်နက်သုံး တိုက်ခိုက်ခဲ့တဲ့ ကိစ္စကို တုံ့ပြန်တဲ့ အနေနဲ့ စစ်ရေး အရ အရေးယူဖို့ကို ထောက်ခံမှုတဲ့နိုင်ငံတွေ ပိုတိုးလာနေတယ်လို့ ပြောခဲ့ပါတယ်။

ပြင်သစ် နိုင်ငံက တခြား ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ လိုပဲ အမေရိကန်ကို ထောက်ခံတယ်လို့ ဆိုပေမဲ့ကုလ သမဂ္ဂ လက်နက် စစ်ဆေးရေးမှူး တွေရဲ့ အစီရင်ခံစာကိုတော့ စောင့်ကြည့်ဖို့ ဆန္ဒရှိနေပါတယ်။