BBC navigation

စစ်ရေးသုံးတာဟာ အာဆတ်ကို ဖြုတ်ဖို့ မဟုတ်

နောက်ဆုံး ရေးသားချိန် 28 သြဂုတ်လ 2013 - 01:50 GMT

ဆီးရီးယားကိစ္စ ဆွေးနွေးဖို့ ဗြိတိန် ဝန်ကြီးချုပ်ကလည်း ကြာသပတေးနေ့မှာ ပါလီမန် ဆင့်ခေါ်ထား

ဆီးရီးယားနိုင်ငံအပေါ် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ဖို့ အမေရိကန် သမ္မတ အိုဘားမားက ခွင့်ပြုလိုက်တယ် ဆိုရင် ဒီလို လုပ်တာဟာ ဒမာ့စကပ်စ်မြို့ ဆင်ခြေဖုံးမှာ ဓါတုလက်နက်အသုံးပြု တိုက်ခိုက်ခဲ့မှုအပေါ် တုန့်ပြန်မှု သက်သက်သာ ဖြစ်လိမ့်မယ်လို့ အိမ်ဖြူတော်က ထုတ်ဖေါ် ပြောကြား လိုက်ပါတယ်။

အခုလို စစ်ရေးနည်းနဲ့ တုန့်ပြန်ဖို့ ရွေးတာဟာ ဆီးရီးယား အစိုးရကို ဖြုတ်ချချင်လို့ မဟုတ်ပဲ ဓါတုလက်နက် မသုံးဖို့ တားမြစ်ထားတဲ့ နိုင်ငံတကာရဲ့ စည်းမျဉ်းကို ဗြောင်ကျကျ ချိုးဖေါက်ခဲ့မှုအပေါ် တုန့်ပြန်တာ ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသွားပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် David Cameron ကလည်း စစ်ရေးအရ စွက်ဖက် တိုက်ခိုက်ဖို့ လုပ်တာဟာ ဒီလို ဓါတု လက်နက်တွေ နောင်ထပ်မသုံးအောင် တားဆီးဖို့ ရည်ရွယ် လုပ်တာလို့ အလေးထား ပြောသွားပါတယ်။

ဆီးရီးယား ပဋိပက္ခအပေါ် ဗြိတိန်နိုင်ငံက ဘယ်လို တုန့်ပြန်ကိုင်တွယ် မလဲဆိုတာ ကို မဲခွဲ ဆုံးဖြတ်ဖို့ ဝန်ကြီးချုပ် Cameron က ပါလီမန်ကို ကြာသပတေးနေ့မှာ ဆင့်ခေါ်ထားပါတယ်။

အစောပိုင်းတုန်းက အမေရိကန် ကာကွယ်ရေး ဝန်ကြီး Chuck Hagel က အမေရိကန် စစ်တပ်ဖွဲ့တွေအနေနဲ့ စစ်ရေးအရ တိုက်ခိုက်ဖို့ အသင့်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။

ဆီးရီးယား ရဲ့ အဓိက မဟာမိတ်နိုင်ငံတွေ ဖြစ်တဲ့ ရုရှား၊ အီရန်နဲ့ တရုတ်တို့ကတော့ စစ်ရေးအရ ဝင်ရောက်စွက်ဖက်တာကို ဆန့်ကျင်ကြောင်း သတိပေး ပြောဆိုမှုတွေ ထပ်မံ လုပ်ခဲ့ကြပါတယ်။

ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးWalid Al Muallem ကလည်း ဆီးရီးယားနိုင်ငံ အတိုက်ခိုက်ခံရမယ် ဆိုရင် အစွမ်းကုန် ခုခံ ကာကွယ်သွားမယ်လို့ ပြောကြား လိုက်ပါတယ်။

ဓါတု လက်နက် သုံးတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ အလိမ်အညာတွေဖြစ်ပြီး အနောက်အုပ်စု နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ သက်သေ အထောက်အထားတွေကို သူတို့ပြည်သူတွေကို တင်ပြဖို့ စိန်ခေါ် ပြောဆိုသွားခဲ့ပါတယ်။

တနင်္လာနေ့တုန်းက ဒမာ့စကပ်မြို့မှာရှိနေတဲ့ ကုလသမဂ္ဂ လက်နက် စစ်ဆေးရေးမှူးတွေရဲ့ ကားတန်းကို သေနတ်နဲ့ ချောင်းမြောင်း အပစ်ခံခဲ့ရအပြီးမှာ အသက်အန္တရာယ် လုံခြုံ စိတ်ချမှု ရှိမရှိ သုံးသပ်နေတဲ့ အတွက် ကုလသမဂ္ဂ လက်နက်စစ်ဆေးရေးမှူးတွေအနေနဲ့ ဆောင်ရွက်စရာ ရှိတာတွေကို ဆက်မဆောင်ရွက်နိုင်သေးပဲ ဖြစ်နေပါတယ်။

ဒီအတောအတွင်းမှာပဲ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တိုက်ခိုက်ခံခဲ့ရတဲ့ ဒမာ့စကပ်စ်မြို့ ဆင်ခြေဖုံး နေရာမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။