ဆီးရီးယား ဓာတု လက်နက်သုံးမှု ကမ္ဘာရှုတ်ချ

  • 22 ဩဂုတ် 2013
ဓါတုလက်နက်နဲ့တိုက်ခိုက်မှုကြောင့် ရာနဲ့ချီသေဆုံး

ဆီးရီးယားနိုင်ငံ ဒမာ့စကပ်စ်မြို့ ဆင်ခြေဖုံးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း အစိုးရက အဆိပ် ဓာတ်ငွေ့တွေ ပါတဲ့ ဒုံးကျည် အမြောက်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အတိုက်အခံတွေက စွပ်စွဲ နေကြပါတယ်။

ဆီးရီးယား အစိုးရကတော့ ဒါကို လုံးဝ ငြင်းဆို ထားပြီး သူပုန်တွေရဲ့ လက်ချက်လို့ တုံ့ပြန် စွပ်စွဲ လိုက်ပါတယ်။

ဒီလို လူပေါင်းရာချီ သေဆုံးခဲ့ရတဲ့ ဓာတုလက်နက်သုံး တိုက်ခိုက်မှုကို နိုင်ငံတကာရဲ့ ကန့်ကွက် ရှုတ်ချမှုတွေ ပိုပြီး များလာနေပါတယ်။

အတိုက်အခံတွေ တင်ထားတဲ့ You Tube ပုံတွေထဲမှာ အဆိပ်ငွေ့ သင့်ပြီး ဝေဒနာ ခံစားနေရတဲ့ သူတွေကို ကြည့်ရ တာကတော့ အတော့်ကို ဆိုးဝါးလှပြီး ဒီပုံတွေဟာ လုပ်ဇာတ် မဟုတ်တာတော့ လုံးဝ သေချာပါတယ်လို့ ဘီဘီစီ သတင်းထောက် Jeremy Bowen က ပြောပါတယ်။

ဒီတော့ ဒီအဆိပ် ဓာတ်ငွေ့တွေကို တကယ်တမ်း အသုံးပြုခဲ့တယ် ဆိုရင် ဘယ်သူ့ လက်ချက် ဖြစ်နိုင်မလဲ ဆိုတာ ဆန်းစစ်ကြည့်ရင် ဖြစ်နိုင်ခြေက သမ္မတ အာဆတ် အစိုးရ လက်ချက် ဖြစ်ဖို့ အတော်များပါတယ်။

သူပုန်တွေရဲ့ လက်ချက်လို့ ပြောရအောင်က သူပုန်တွေမှာ ဒီလို အဆိပ်ဓာတ်ငွေ့ သုံးလိုစိတ် သုံးနိုင်အား မရှိတာ တွေ့ရပါတယ်။

တခါ ဒီအဆိပ် ဓာတ်ငွေ့တွေဟာ စက်မှုလုပ်ငန်း တွေကနေ ယိုစိမ့် ထွက်လာတဲ့ အဆိပ် ဓာတ်ငွေ့ တွေလားလို့ ယူဆဖို့ကလည်း အခု တိုက်ပွဲ ဖြစ်ခဲ့တဲ့ နေရာဟာ သူပုန်တွေ ထိန်းချုပ်ထားတဲ့ နေရာဖြစ်ပြီး စစ်ဒဏ်ကြောင့် နေရာအနှံ့ ထိခိုက် ပျက်စီးနေပြီး ဘာစက်မှု လုပ်ငန်းမှ မရှိတာကြောင့် စက်ရုံတွေကနေ ဓာတု အဆိပ် ဓာတ်ငွေ့တွေ ယိုစိမ့်ထွက်လာဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။

ဒါပေမယ့် အာဆတ် အစိုးရကသာ ဒီ အဆိပ် လက်နက်တွေ အသုံးပြုခဲ့တယ် ဆိုရင်တော့ တိုက်ပွဲဖြစ်ရာ မလှမ်းမကမ်းမှာ ကုလသမဂ္ဂ ဓာတုလက်နက် စစ်ဆေးသူတွေ ရောက်နေချိန် မျိုးမှာ အခုလို လုပ်တာမျိုး ကတော့ အတော့်ကို အဆင်အခြင် မဲ့တယ်လို့ ပြောရမှာပါ။

ဒါပေမဲ့ သမ္မတ အာဆတ် အစိုးရဟာ လူမဆန် လောက်အောင် ရက်စက် ကြမ်းကြုတ်တဲ့ အစိုးရမို့ ဒါမျိုး လုပ်နိုင်တယ်လို့ အများက ယူဆနေပါတယ်။

တခါ သမ္မတ အာဆတ်အစိုးရမှာက ဓာတုလက်နက် တွေ ပိုင်ဆိုင်တယ် ဆိုတဲ့ အထောက်အထားတွေ ရှိနေပါတယ်။

မနှစ်တုန်းကလည်း သမ္မတ အာဆတ် အစိုးရက တိုက်ခိုက်မှုတွေ အတွင်း ဓာတု လက်နက် ပမာဏ အများကြီး မဟုတ်တောင် အနည်းအပါး အသုံးပြုခဲ့တယ် ဆိုတဲ့ အထောက် အထားတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ တုန်းက အမေရိကန် သမ္မတ အိုဘားမားက သမ္မတ အာဆတ် အစိုးရ ဓာတု လက်နက်တွေ သုံးလို့ လူတွေ အစုလိုက် အပြုံလိုက် သေကြေ ခဲ့မယ်ဆိုရင် ကိုင်တွယ် အရေးယူတာမျိုး လုပ်ကို လုပ်မယ်လို့ အရိပ်အမြွက် ပြောခဲ့ဖူးပါတယ်။

အခုတော့ အဆိပ် ဓာတ်ငွေ့ ဒဏ်ကြောင့် ဆီးရီးယားမှာ လူတွေ ရာနဲ့ချီ သေဆုံးခဲ့ပါပြီ။

အခုအခါ သမ္မတ အာဆတ် အစိုးရကို အင်အားသုံး အရေးယူဖို့ နိုင်ငံ အတော်များများက တောင်းဆို နေကြပါတယ်။

ဒါပေမဲ့လည်း တချို့ကတော့ သွေးချောင်းစီး မှုတွေ ဖြစ်လာမှာကို မလိုလားဘဲ နိုင်ငံရေး အရဖြေရှင်းဖို့ ပန်ကြား ထားပါတယ်။

အရေးကြီးတာက ဒီအဆိပ် ဓာတ်ငွေ့တွေကို ဘယ်သူက သုံးခဲ့တာလဲ ဆိုတာကို သက်သေ အထောက်အထား ထင်ထင်ရှားရှား ပြနိုင်ဖို့ လိုပါတယ်။

ဒါကြောင့် လောလောဆယ် ဒမာ့စကပ်စ်မြို့မှာ ရှိနေတဲ့ ကုလသမဂ္ဂ ဓာတုလက်နက် စစ်ဆေးသူတွေကို အဲဒီ တိုက်ပွဲ ဖြစ်ခဲ့ရာ နေရာဆီ သွားရောက် စစ်ဆေးနိုင်ရေး သမ္မတ အာဆတ် အစိုးရကို သိမ်းသွင်း ပြောဆိုဖို့ နိုင်ငံတကာက အလေးထား လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ