အီဂျစ်မှာ စစ်တပ်ကို အာခံ ထပ်ဆန္ဒပြ

  • 16 ဩဂုတ် 2013
egypt rally
အီဂျစ်နိုင်ငံ အလက်ဇန်းဒရီးယား မြို့မှာ ဆန္ဒပြကြသူများ

ထောင်နဲ့ချီတဲ့ မွတ်ဆလင် ညီနောင်များအဖွဲ့ကို ထောက်ခံသူတွေဟာ စစ်တပ်ရဲ့ ဖြိုခွဲမှုကို အာခံ ပြီး အီဂျစ်နိုင်ငံ တလွှား လူထု ဆန္ဒပြပွဲတွေ ပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့ တစ်နာရီလောက်ကပဲ ကိုင်ရိုမြို့လယ် ရန်ဆီစ် ရင်ပြင်မှာ မွတ်ဆလင်ညီနောင်များ အဖွဲ့က ဆန္ဒပြသူ တွေကို လုံခြုံရေးတွေကနေ တကယ့် ကျည်ဆံအစစ် တွေ၊ ခဲကျည်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လူ ၁၁ ဦး သေဆုံးပြီး အမြောက်အများ ဒဏ်ရာရသွားပါတယ်။

ဆူအက် တူမြောင်းပေါ်မှာ တည်ရှိတဲ့ အစ်မေးလီးယား မြို့မှာတော့ ထိပ်တိုက်ရင်ဆိုင်မှုတွေ အတွင်း လူ ၄ ဦး သေဆုံးသွားပါတယ်။

တန်တာနဲ့ အလက်ဇန်းဒီးယား မြို့တွေမှာလည်း ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ထိပ်တိုက်တွေခဲ့ကြပါတယ်။

ကိုင်ရိုမြို့ ဆင်ခြေဖုန်း တစ်ခုမှာတော့ ရဲသားတစ်ဦး သေဆုံးသွားပါတယ်။

မူဆလင် ညီနောင်များ အဖွဲ့ကတော့ လူတွေ လမ်းမပေါ် ထွက်လာကြဖို့နဲ့ ဗုဒ္ဓဟူးနေ့က ကိုင်ရိုဆန္ဒပြမှုတွေကို အကြမ်းဖက် ဖြိုခွဲခံရတဲ့အပေါ် မကျေနပ်ကြောင်း ဖော်ပြကြဖို့ လူတွေကို တိုက်တွန်းထားပါတယ်။

ဗုဒ္ဓဟူးနေ့ ဖြိုခွဲမှုမှာ လူပေါင်း ၆၀၀ ကျော်သေဆုံးသွားခဲ့ရပါတယ်။