BBC navigation

ထိုင်းတောင်ပိုင်း ထောင်ဗုံးကြောင့် စစ်သား ၈ ဦးသေ

နောက်ဆုံး ရေးသားချိန် 29 ဇွန်လ 2013 - 16:20 GMT

ထရပ်ကား လုံးဝ ပျက်စီး သွားကာ နောက်ထပ် စစ်သား ၂ ဦးနဲ့ အနားက ရွာသား ၂ ဦးလည်း ဒဏ်ရာရ

ထိုင်း တောင်ပိုင်း ယာလ ပြည်နယ်မှာ စစ် မော်တော်ယာဉ်ကို ဗုံးခွဲ တိုက်ခိုက်မှု ကြောင့် ထိုင်းစစ်သား ၈ ယောက် သေဆုံး ခဲ့ရ ပါတယ်။

ဒီ စစ်သား တွေဟာ ခွင့်ရလို့ အိမ်ပြန် နေကြ ချိန်မှာ အခုလို လမ်းဘေးဗုံး နင်းမိတာ ဖြစ်ပြီး၊ ထရပ်ကား ကတော့ လုံးဝ ပျက်စီး သွားကာ စစ်သား ၂ ယောက်နဲ့ အနားက ရွာသား ၂ ယောက်ပါ ဒဏ်ရာ ရသွား တယ်လို့ ထိုင်း ရဲတပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဘီဘီစီကို ပြောပါတယ်။

ထိုင်း တောင်ပိုင်း သူပုန်တွေက စစ် ကားတန်း တွေကို ဗုံးခွဲ တိုက်ခိုက် မှုတွေ တနှစ်ထက် တနှစ် အဖြစ်များ လာပြီး ယာလ ပြည်နယ်က အခု ပေါက်ကွဲမှုက တော်တော်ကြီး ဆိုးရွား ပါတယ်။

ကီလို ၅ဝ လောက် ပါတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေ သုံးတယ်လို့ စစ်ဘက်က ခန့်မှန်း ထားပြီး မလေး သူပုန် လက်ချက်ပဲလို့ ယူဆ နေကြ ပါတယ်။

ဒီဗုံးကွဲမှု ကြောင့် မလေးရှား နိုင်ငံ အကူ အညီနဲ့ သူပုန် အုပ်စုတွေနဲ့ စေ့စပ် ဆွေးနွေး ပွဲတွေ အပေါ် ရိုက်ခတ်မှု ရှိမလား စိုးရိမ် စရာ ဖြစ်လာပါပြီ။

နောက်လ လာတော့မယ့် မွတ်ဆလင် ဥပုသ်လ မတိုင်ခင် အပစ် အခတ်တွေ မဖြစ်ပွား ရအောင် အစိုးရနဲ့ သူပုန် နှစ်ဘက်ကြား ဇွန်လ ဆန်း ထဲက စခဲ့တဲ့ ဆွေးနွေးပွဲ တွေ ကလည်း ညှိနှိုင်းရ ခက်ပြီး အီနေပြီ ဖြစ်ပါတယ်။ ဆွေးနွေးပွဲတွေ ရှိနေချိန် မှာပဲ နေ့စဉ် တိုက်ပွဲတွေ ဖြစ်ပွားနေ ပါတယ်။

သူပုန် တွေ ဘက်က ဖမ်းဆီး ခံနေရတဲ့ သူတို့ လူတွေ ပြန်လွှတ်ဖို့၊ တောင်ပိုင်းက မလေး မွတ်ဆလင် အများစု နေတဲ့ ပြည်နယ် ၄ ခုကို ကိုယ်ပိုင် အုပ်ချုပ်ရေး ပေးဖို့ တောင်းဆို နေတာပါ။

အစိုးရ ဘက်ကတော့ သူပုန် တွေရဲ့ ချုံခို တိုက်ခိုက် မှုတွေ ရပ်တန့်ဖို့ လိုလား ပေမယ့် သူပုန်တွေ ဘက်က မရပ်နို င်ဘူးလို့ ပယ်ချ ခဲ့ပါတယ်။

ထိုင်းတောင်ပိုင်းက စစ်သားတွေ ကို ဒီလို ဗုံးခွဲ သတ်ဖြတ်မှုတွေ မကြာခင် နှစ်တွေ အတွင်း အများ အပြား ဖြစ်ပွားခဲ့ပြီး ဖြစ်ပါတယ်။ လမ်းဘေးက ထောင်ဗုံးတွေ ရန်က ကာကွယ်ဖို့ ယူကရိန်း လုပ် သံချပ်ကာ ယာဉ်တွေကို ဒါဇင်နဲ့ ချီပြီး ဝယ်ဖို့ စီမံ နေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။