စနိုဒင်ကို ရုရှားကနေ မဆိုင်းမတွ နှင်ထုတ်ဖို့ အမေရိကန်က တိုက်တွန်း

  • 26 ဇွန် 2013
စနိုဒင်ကို လွှဲပေးဖို့ ကိစ္စ မစ္စတာ ပူတင် ပယ်ချ

ထွက်ပြေး တိမ်းရှောင်နေရတဲ့ အမေရိကန် ထောက်လှမ်းရေး အရာရှိဟောင်း အက်ဒွပ် စနိုဒင်ကို ရုရှားကနေ မဆိုင်းမတွ နှင်ထုတ်ဖို့ အမေရိကန်က တိုက်တွန်း လိုက်ပါတယ်။

လူထုရဲ့ အင်တာနက်နဲ့ ဖုန်းဆက်သွယ် ပြောကြားမှုတွေကို စောင့်ကြည့်နေတဲ့ အမေရိကန်ရဲ့ လျှို့ဝှက်ချက် အသေးစိတ်ကို သူက လူသိရှင်ကြား ထုတ်ဖော်ခဲ့တဲ့ အတွက် အမေရိကန် အစိုးရက မစ္စတာ စနိုဒင်ကို အလိုရှိနေတာ ဖြစ်ပါတယ်။

ရုရှား အနေနဲ့ အခြေအနေကို စိတ်အေးအေးထား စဉ်းစားပြီး မစ္စတာ စနိုင်ဒင် ကို သူတို့ဆီ လွှဲပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။

အက်ဒွပ် စနိုဒင် ဟာ မော်စကို လေဆိပ်က တထောက်နား နေရာမှာ ဆက်လက် ရှိနေစဲလို့ ရုရှား သမ္မတ ပူတင်က အတည်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရုရှား အမေရိကန်ဟာ တရားခံ လွှဲပြောင်းပေးရေး နိုင်ငံတကာ စာချုပ် လက်မှတ် ရေးထိုးထားတာ မရှိတဲ့ အတွက် သူ့ကို လွှဲပေးဖို့ ကိစ္စကို မစ္စတာ ပူတင်က ပယ်ချလိုက်ပါတယ်။

အက်ဒွပ် စနိုဒင် ဟာ လွတ်လွတ်လပ်လပ် သွားလာနိုင်တယ်လို့လဲ မစ္စတာ ပူတင်က အတိအလင်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဒီအခြေအနေတွေက အမေရိကန်နဲ့ ဆက်ဆံရေးကို ထိခိုက်မှာ မဟုတ်ဘူးလို့ မျှော်လင့်ရကြောင်း သူက ပြောပါတယ်။

မစ္စတာ စနိုဒင်ကို ဖမ်းပေးဖို့ ရုရှားမှာ တရားဥပဒေကြောင်းအရ လုံလောက်တဲ့ အကြောင်းပြချက်တွေ ရှိတယ်လို့ အမေရိကန်က ဆိုပြီး သူတို့ဆီ ချက်ခြင်း လွှဲပေးဖို့ တိုက်တွန်းလိုက်ပါတယ်။