BBC navigation

ဆီးရီးယားသူပုန်တွေ အဆိပ်ငွေ့သုံးကြောင်း ကုလပြော

နောက်ဆုံး ရေးသားချိန် 6 မေလ 2013 - 11:27 GMT

အငြင်းပွား စရာ မလိုတဲ့ သက်သေ အထောက် အထားတွေ လို့တော့ ပြောလို့ မရသေးကြောင်း မစ် Ponte က ပြော

ဆီးရီးယား သူပုန်တွေ ဓာတု လက်နက်သုံးတယ် ဆိုတဲ့ အထောက် အထားတွေ တွေ့ရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့် အရေး ဆိုင်ရာ စုံစမ်း စစ်ဆေးရေး အရာရှိ Carla del Ponte က ပြောကြားလိုက်ပါတယ်။

ဓာတု လက်နက် ဒဏ်ကို ခံခဲ့ ရသူတွေနဲ့ ဆရာဝန်တွေကို မေးမြန်းရာ၊ သံသယ ဖြစ်စရာတွေ ပိုတိုးများ လာနေကြောင်း ဒါပေမယ့် အငြင်းပွား စရာ မလိုတဲ့ သက်သေ အထောက် အထားတွေ လို့တော့ ပြောလို့ မရသေးကြောင်း မစ် Ponte က ပြောပါတယ်။

ဆီးရီးယား အတိုက် အခံတွေ ဟာ အာရုံကြောကို ထိခိုက် စေတဲ့ အဆိပ်ငွေ့ တွေကို အသုံး ပြုခဲ့ တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လို့ အစိုးရ တပ်ဖွဲ့တွေ ကနေ ဓာတု လက်နက်တွေ သုံးနိုင်ဖွယ် ရှိသလား ဆိုတာကိုတော့ မသိရ သေးကြောင်း သူက ပြောပါတယ်။

အမေရိကန်နဲ့ ဗြိတိန်တို့ ကတော့ သမ္မတ အာဆတ်ကို သစ္စာ ခံသူတွေဟာ အခုလို ဓာတု လက်နက်တွေ သုံးနိုင်ဖွယ် ရှိတယ်လို့ ပြောကြားထား ပါတယ်။

အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှု

ဆီးရီးယား နိုင်ငံ ကတော့ တနင်္ဂနွေညက အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှု နဲ့ ပတ်သက်ပြီး နောက်ထပ် အသေးစိတ် အချက် အလက်တွေကို ထုတ်ဖေါ် ပြောကြား ပါတယ်။

ဒမာ့စကက်စ် အနီးက ဂျမရာယာ သုတေသန စင်တာကို ထိမှန် ခဲ့တာ အပြင်၊ အစ္စရေး တို့ဟာ ဒုံးကျည် တွေနဲ့ လက်ဘနွန် နယ်စပ် အနီးက အဆောက် အဦးတွေနဲ့ ဆီးရီးယား စစ်ဖက် ဆိုင်ရာ လေဆိပ် တခုကိုလည်း ပစ်ခတ် ခဲ့တယ်လို့ ဆီးရီးယား အစိုးရက ပြောပါတယ်။

ဒီ့အတွက် သေဆုံး ဒဏ်ရာ ရရှိသူ အတော် များများ ရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဘယ်လောက် အရေ အတွက် ဆိုတာ ကိုတော့ ထုတ်ဖေါ် ပြောကြား ခြင်း မရှိပါ။

ဆီးရီးယား အတိုက် အခံတွေကို လိုလားတဲ့ ဝက်ဘ် ဆိုဒ် တခုမှာတော့ အစိုးရ စစ်သား ၁၅ ဦး သေဆုံး သွားတယ်လို့ ဖေါ်ပြပါတယ်။

လက်ဘနွန်က ဟက်ဇ်ဘိုလာ ပျောက်ကျားတွေ အတွက် အီရန်လုပ် ဒုံးတွေ ပို့ဆောင်ဖို့ လုပ်နေတာကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက် ခဲ့တယ် ဆိုတာ ကိုတော့ ဆီးရီးယား ဘက်က ငြင်းဆိုလိုက်ပါတယ်။

အစ္စရေး တို့ရဲ့ လေကြောင်း တိုက်ခိုက်မှုဟာ စစ် ဆင်နွှဲတဲ့ လုပ်ရပ် ဖြစ်တယ်လို့ အစ္စရေးက ပြောပါတယ်။ ကုလသမဂ္ဂ ကတော့ ဆီးရီးယား ပဋိပက္ခ အရှိန်မြင့် လာ နေတဲ့ အပေါ် သတိပေး ပြောကြားလိုက် ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။