အငတ်ဘေးကြောင့် သေဆုံးသူ ထင်ထားတာထက် ပိုများ

  • 2 မေ 2013
အငတ်ဘေးကြောင့် သေဆုံးခဲ့သူတွေထဲက တဝက်လောက် ဟာ ၅နှစ်အရွယ် ကလေးငယ်တွေ ဖြစ်

ဆိုးမားလီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ အငတ်ဘေး ကာလအတွင်း လူ နှစ်သိန်း ခြောက်သောင်း နီးပါး သေဆုံးခဲ့ပြီး အဲဒီထဲက တဝက်လောက် ဟာ အသက် ၅နှစ်အောက် ကလေးငယ်တွေ ဖြစ်ကြတယ်လို့ ကုလသမဂ္ဂ က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

ဒီကိန်းဂဏန်း အရေအတွက်ဟာ အရင်ခန့်မှန်းထားတဲ့ အရေအတွက်ထက် အများကြီး ပိုများတာ ဖြစ်ပါတယ်။

အဲဒီ အစီရင်ခံစာထဲမှာ ၂၀၁၀ ခုနှစ်တုန်းက အဲဒီ ဒေသမှာ အငတ်ဘေး အန္တရာယ် အရိပ်လက္ခဏာတွေ ပေါ်ပေါက်နေတာကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ တုန့်ပြန်ဖို့ နှေးကွေးခဲ့တာကြောင့် လူသိန်းနဲ့ချီပြီး မသေသင့်ပဲ သေခဲ့ရတာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ဗြိတိသျှ အစိုးရရဲ့ အစောပိုင်း ခန့်မှန်းချက်တွေအရ အငတ်ဘေးဒဏ်ကြောင့် လူပေါင်း ၅သောင်းနဲ့ တသိန်းကြား သေဆုံးခဲ့တယ်လို့ ခန့်မှန်း ဖေါ်ပြထားပါတယ်။