မာလီတပ် ပြောက်ကျားတွေကို ထိုးစစ်ဆင်

  • 31 မတ် 2013
mali
ပြင်သစ် ကြည်းတပ်တွေ သူပုန်တွေကို နှိမ်နင်း

ပြင်သစ် ထောက်ပံ့မှု ရတဲ့ မာလီ အစိုးရ တပ်တွေက မြောက်ပိုင်းက တင်ဘက်တူ မြို့မှာ အစ္စလာမ္မစ် ပြောက်ကျားတွေကို တန်ပြန် ထိုးစစ် ဆင်ခဲ့ကြ ပါတယ်။

အစ္စလာမ္မစ် ပြောက်ကျားတွေ မြို့ထဲကို ညအချိန် စီးနင်း ဝင်လာခဲ့ပြီးနောက် အစိုးရ တပ်တွေနဲ့ အကြာကြီး အပြန်အလှန် ပစ်ခတ် ခဲ့ကြပါတယ်။

ပြင်သစ် ကြည်းတပ်တွေနဲ့ ဂျက်လေယာဉ်တွေက ဝင်ပြီး သူပုန်တွေကို ပစ်ခတ် နှိမ်နင်းမှ တိုက်ပွဲ အဆုံးသတ်ခဲ့ပါတယ်။

စနေနေ့ညနေက စစ်တပ် ကင်းစခန်းတခုကို အသေခံ ဗုံးဖေါက်ခွဲသူတဦးက တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပြီး နောက်ပိုင်း အစ္စလာမ္မစ်တွေကို တိုက်ခိုက် နေတာပါ။ အဲဒီပုဂ္ဂိုလ်ကတော့ စနက်တံကို မဖြုတ်နိုင်ခင်မှာဘဲ အသတ်ခံ လိုက်ရပါတယ်။

အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ တဖွဲ့ တင်ဘတ်တူမြို့ကို ထိုးဖောက် ဝင်ရောက်ခဲ့ပြီး နောက်ပိုင်း အသေခံ ဗုံးဖောက် တိုက်ခိုက်ဖို့ လုပ်လာတာ ဖြစ်ပါတယ်။

မာလီစစ်တပ်ဟာ ပြင်သစ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အကူအညီနဲ့ အစ္စလာမ္မစ်တွေ ရှိရာ ရှေ့ကို တိုးချီတက်နေတာ ဖြစ်ပါတယ်။

အခုနှစ် စောစောက ပြင်သစ်တပ်ဖွဲ့ဝင်တွေဟာ အစ္စလာမ္မစ် စစ်သွေးကြွတွေကို မာလီနိုင်ငံ မြောက်ပိုင်းနေရာ အတော်များများက မောင်းထုတ်နိုင်ခဲ့ပေမယ့် ကြိုကြားကြိုကြား တိုက်ပွဲတွေကတော့ ဆက်ပြီး ဖြစ်နေခဲ့တာပါ။

တိုက်ပွဲတွေဟာ ပြင်းထန်ပြီး ဆက်ဖြစ်နေတယ်လို့ မာလီစစ်တပ် အရာရှိတဦးက ပြောပါတယ်။ သူတို့ဟာ စစ်သွေးကြွတွေကို ဝိုင်းရံပိတ်ဆို့ဖို့ လုပ်နေတယ်လို့ အဲဒီအရာရှိက ပြောပါတယ်။

တိုက်ခိုက်မှုတွေအတွင်း အစ္စလာမ္မစ် စစ်သွေးကြွ ၈ ဦးထက်မနည်း သေဆုံး ကာ မာလီစစ်သားတဦးထက်မနည်း သေဆုံးတယ်လို့ မာလီ ဗိုလ်ချုပ်ကြီးတဦးက ပြောပါတယ်။ အရပ်သား ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

တင်ဘတ်တူမြို့မှာ အခြေအနေတွေက တင်းမာနေတယ်လို့ Bamako မြို့ကို ရောက်နေတဲ့ အနောက်အာဖရိက ဆိုင်ရာ ဘီဘီစီ သတင်းထောက် Thomas Fessy က ပြောပါတယ်။

တင်ဘတ်တူမြို့ အနောက်ဘက် ဆင်ခြေဖုံးဒေသကို အစ္စလာမ္မစ် အုပ်စုတစုက ညဘက်မှာ ဝင်ရောက်ခဲ့ပြီးတဲ့နောက် မြို့ခံ လူတွေဟာ သူတို့ရဲ့ အိမ်တွေထဲမှာပဲ အရံအတားတွေချပြီး နေနေကြပါတယ်။

ပြင်သစ်တပ်တွေဟာ မာလီစစ်တပ်ကို နာရီပေါင်းအတော်ကြာကြာ ရှေ့တန်းမှာထား တိုက်ခိုက် ခိုင်းပြီး နောက်ဆုံးမှ သူတို့ကြားဝင် တိုက်ခိုက်ခဲ့တာလို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ပြင်သစ် ဂျက်တိုက်လေယာဉ်တွေဟာ သူပုန်စခန်းတွေကို တနင်္ဂနွေနေ့ မနက်ပိုင်းက တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မာလီနိုင်ငံမှာ နိုင်ငံရဲ့ မြို့တော် Bamako မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး နောက်ပိုင်း အစ္စလာမ္မစ် သူပုန်တွေဟာ မာလီမြောက်ပိုင်းက နေရာ အတော်တော်များများကို ထိန်းချုပ်ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီစစ်သွေးကြွတွေ ဘမာကို မြို့ကို အထိ ရှေ့တိုးချီတက်လာနိုင်တယ်လို့ စိုးရိမ်မှုတွေ ရှိနေတာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီက ပြင်သစ်က တပ်ဖွဲ့တွေ ပို့ပြီး ကြားဝင်ခဲ့ပါတယ်။ လောလောဆယ် မာလီမှာ ပြင်သစ် တပ်ဖွဲ့ဝင် လေးထောင် လောက် ရှိနေပါတယ်။

ပြင်သစ်တို့ ကြားဝင်ခဲ့ပြီးနောက် တင်ဘတ်တူမြို့အပါအ၀င် အဓိက မြို့ကြီးတွကို ပြန်သိမ်းနိုင်ခဲ့ပေမယ့် တောင်တန်း ဒေသမှာ တိုက်ခိုက်မှုတွေ ဆက်ပြီးရှိနေခဲ့တာ ဖြစ်ပါတယ်။

မာလီစစ်တပ်နဲ့ ချတ်နိုင်ငံက တပ်ဖွဲ့ဝင် ၂ဝဝဝ အပါအဝင် အာဖရိကနိုင်ငံတွေက တပ်ဖွဲ့တွေဟာ တိုက်ခိုက်မှုတွေ မှာ ပါဝင်တိုက်ခိုက်နေခဲ့ကြပါတယ်။

ပြင်သစ်ကတော့ လာမယ့်လမှာ သူတို့တပ်ဖွဲ့တွေကို မာလီက ရုတ်သိမ်းဖို့ စီစဉ်ထားပြီး အနောက်အာဖရိက နိုင်ငံတွေကတော့ သူတို့ တပ်ဖွဲ့တွေကို ရွေးကောက်ပွဲလုပ်မယ့် ဇူလိုင်လ အထိ ဆက်ထားလိမ့်မယ်လို့ ယူဆရပါတယ်။