BBC navigation

စစ်ဖြစ်တဲ့ အခြေအနေ ရောက်ပြီလို့ မြောက်ကိုရီးယား ကြေညာ

နောက်ဆုံး ရေးသားချိန် 30 မတ်လ 2013 - 15:24 GMT

တောင်နဲ့ မြောက် ကိုးရီးယား နှစ်နိုင်ငံ အကြား လက်တွေ့မှာ စစ်မက် ဖြစ်ပွား နေတဲ့ အခြေ အနေပါ

ကိုးရီးယား ကျွန်းဆွယ်မှာ တင်းမာ မှုတွေ တိုးပွား လာနေချိန် မှာပဲ မြောက်ကိုးရီးယား အစိုးရက တောင်ကိုးရီးယားနဲ့ စစ်ဖြစ်တဲ့ အနေ အထားကို ရောက်လာ နေပြီလို့ ထုတ်ဖေါ် ပြောဆို လိုက်ပါတယ်။

မြောက်ကိုးရီးယားက အခုလို ထုတ်ဖေါ် ကြေညာ လိုက် ပေမယ့် ကိုးရီးယား စစ်ပွဲကြီး ဖြစ်ခဲ့ ကတည်းက စလို့ လွန်ခဲ့တဲ့ နှစ် ၆၀ကျော် အတွင်း တောင်နဲ့ မြောက် ကိုးရီးယား နှစ်နိုင်ငံ အကြား လက်တွေ့မှာ စစ်မက် ဖြစ်ပွား နေတဲ့ အခြေ အနေမှာ ရှိနေတာပါ။

ဒီတော့ ကြီးမားတဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ တကယ်တမ်း မဖြစ် မချင်း မှာတော့ ဒီကြေညာချက်က ပိုနေမြဲ ကျားနေမြဲ အခြေ အနေ မှာ ရှိနေ ဦးမယ့်ပုံ ပေါ်ပါတယ်။ ဒါပေမယ့် ရှေ့မှာ ဘာဖြစ် လာမလဲ ဆိုတာကို ကြိုမတွက် နိုင်ပဲ ဖြစ်နေတဲ့ အချိန် မျိုးမှာ ဒီကြေညာချက် ကြောင့် အခြေ အနေကို မှန်းဆ ပြောဖို့ ပိုခက် သွားပါ လိမ့်မယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ် အတွင်း တောင်နဲ့မြောက် ကိုးရီးယား နှစ်နိုင်ငံ အကြား စစ်စကားတွေ အပြန် အလှန် ပြောလာ နေခဲ့ ရာမှာ မြောက်ကိုးရီးယား ရဲ့ အခု နောက်ဆုံး ကြေညာချက် ကြောင့် တောင်ကိုးရီးယားကို အတော်လေး စိုးရိမ် သွားစေမှာပါ။ ရုရှား အစိုးရ ကတော့ နှစ်ဘက်စလုံးကို အတတ်နိုင်ဆုံး ထိန်းထိန်း သိမ်းသိမ်း လုပ်ကြဖို့ ပန်ကြား လိုက်ပြီး နောက်ပြန်ဆုတ်လို့ မရတဲ့ အခြေ အနေမျိုး မရောက် စေဖို့ တိုက်တွန်း ထားပါတယ်။

ရုရှား အစိုးရ ကတော့ နှစ်ဘက်စလုံးကို ထိန်းထိန်း သိမ်းသိမ်း လုပ်ကြဖို့ ပန်ကြား

မြောက်ကိုးရီးယားအပေါ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဒဏ်ခတ် ပိတ်ဆို့မှု သစ်တွေ ချမှတ်လိုက် ကတည်းက တင်းမာမှုတွေ တဟုန်တိုး တိုးပွား လာခဲ့ တာပါ။ တခါ ဒီဒဏ်ခတ် ပိတ်ဆို့မှုတွေကို မြောက်ကိုးရီးယားရဲ့ တခုတည်းသော မဟာမိတ် နိုင်ငံကြီး ဖြစ်တဲ့ တရုတ်နိုင်ငံက ထောက်ခံခဲ့တာကြောင့်လည်း မြောက်ကိုးရီးယား အစိုးရ အနေနဲ့ ခါတိုင်းထက် ပိုပြီး အထီးကျန် ဖယ်ကျဉ် ခံရ တယ်လို့ ခံစား သွားခဲ့ရ ပါတယ်။

မြောက်ကိုးရီးယားတို့ ဘက်က အခုလို တင်းမာတဲ့ ကြေညာချက်တွေ ထုတ်ခဲ့ တာဟာ ဆန့်ကျင် ရန်လိုမှုတွေ မလုပ်ဖို့ တရုတ်ကို သတိပေး လိုက်တဲ့ သဘောလို့ လည်း တချို့က ယူဆနေကြပါတယ်။

အကဲခတ် အတော် များများ ကတော့ မြောက်ကိုးရီးယား အစိုးရ အနေနဲ့ တောင်ကိုးရီးယား နဲ့သော် လည်းကောင်း၊ အမေရိကန် နဲ့သော် လည်းကောင်း စစ်ပွဲ ကြီး တရပ် စတင် မယ့် ပုံမျိုး မတွေ့ရ ပေမယ့် တခြား ရန်စ တိုက်ခိုက်မှု မျိုးတွေ လုပ်မယ့် ပုံမျိုး ပိုတွေ့ ရတယ် လို့ သုံးသပ် ပါတယ်။ တခါ မြောက်ကိုးရီးယား ရဲ့ အခု နောက်ဆုံး ကြေညာ ချက် အပေါ် တောင်ကိုးရီးယား အစိုးရ က ပြင်းပြင်း ထန်ထန် တုံ့ပြန် လိုက်ပါတယ်။

မြောက်ကိုးရီးယား အစိုးရက တောင်နဲ့ မြောက် နှစ်နိုင်ငံ အကြား စစ်ဖြစ် မယ့် အနေ အထား ကို ရောက်လာ နေပြီ ဆိုပြီး ခြိမ်းခြောက် ပြောနေ ဆိုနေ မှုတွေဟာ ကိုးရီးယား ကျွန်းဆွယ်မှာ တည်ငြိမ် အေးချမ်း မှုကို ထိခိုက် စေတဲ့ အတွက် လုံးဝ လက်မခံ နိုင်ကြောင်း၊ တောင်ကိုးရီးယား တို့ အခု လတ်တလော စစ်ရေး လေ့ကျင့် ခဲ့တာ တွေ၊ ကိုးရီးယား ကျွန်းဆွယ်မှာ အမေရိကန် ဗုံးကြဲ လေယာဉ် လေ့ကျင့် ပျံသန်းခဲ့ တာတွေဟာ မြောက်ကိုးရီးယားတို့ ဘက်က ရန်စ တိုက်ခိုက် မှုတွေ လုပ်လာ ရင် ပြန်ခုခံ ကာကွယ် နိုင်ဖို့ အတွက် လုပ်ခဲ့တာ ဖြစ်ကြောင်း တောင်ကိုးရီးယား ကာကွယ်ရေး ဝန်ကြီး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Kim min Seok က တုံ့ပြန် ပြောဆို ပါတယ်။

အမေရိကန် ကလည်း ကိုရီယား ကျွန်းဆွယ်မှာ ဗုံးကြဲ လေယာဉ် လေ့ကျင့် ပျံသန်းနေ

မတ်လ ၃၀ ရက် နေ့ မနက် ကပဲ မြောက်ကိုးရီးယား နိုင်ငံ တွင်းမှာ ရှိတဲ့ တောင်နဲ့ မြောက် ကိုးရီးယား နှစ်နိုင်ငံ ပူးတွဲ စက်မှုဇုံ အဆောက် အအုံထဲ တောင်ကိုးရီးယား အလုပ် သမား တွေကို ဝင်ရောက် လေ့လာခွင့် ပြုတာ တွေ့ရကြောင်း၊ ဒါကြောင့် မြောက်ကိုးရီးယားတို့ ဘက်က စစ်ဖြစ် တော့မယ့် အနေ အထား ရောက် နေပြီလို့ ပြောနေ ပေမယ့် နှစ်နိုင်ငံ ပူးတွဲ စက်မှု လုပ်ငန်းတွေ ကတော့ ပုံမှန် အတိုင်း ဆက်လုပ် နေတာ တွေ့ရကြောင်း၊ ဒီတော့ ရှေ့ဆက် ဘာဖြစ် မလဲ ဆိုတာ အတတ် မပြောနိုင် ပေမယ့် ဘာမဟုတ်တဲ့ ကိစ္စလေး တခုခု ကနေ ဒါမှမဟုတ် မတော် တဆ ဖြစ်ရပ် တခုခု ကနေ ဆိုးဝါးတဲ့ အခြေ အနေ တခု အထိ ရောက်သွား နိုင်တယ် ဆိုပြီး ဒေသတွင်းက လူအတော် များများက စိုးရိမ် နေကြ တယ်လို့ ဆိုးလ်မြို့မှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် Lucy Williamson က သုံးသပ် ထား ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။