BBC navigation

ကရာချိမှာ ကားဗုံးပေါက်

နောက်ဆုံး ရေးသားချိန် 4 မတ်လ 2013 - 00:53 GMT
pakistan

ဗုံး အားပြင်းလွန်းလို့ တိုက်ခန်းတွေ ပြိုကျ

ပါကစ္စတန် နိုင်ငံရဲ့ အဓိက မြို့ကြီး ဖြစ်တဲ့ ကရာချိမြို့က ရှီယား မွတ်ဆလင် ရပ်ကွက်မှာ ကားဗုံးပေါက်လို့ အနည်းဆုံး လူ ၄၅ ယောက် သေဆုံး ခဲ့ရပါတယ်။

Abbas Town ရပ်ကွက်က ဗလီ တခုအနားမှာ ဖြစ်ပွားခဲ့ပြီး ဝတ်ပြုဆုတောင်းသူတွေ ဗလီထဲက ထွက်လာချိန်မှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

လူ ၁၅ဝ ကျော် ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။

ဗုံးက အားပြင်းလွန်းတဲ့ အတွက် အနားက တိုက်ခန်း မျက်နှာစာတွေ ပြိုကျ ပျက်စီး ကုန်ကြောင်း မျက်မြင် သက်သေတွေက ပြောဆို ပါတယ်။

နေရာတကာမှာ အပျက်အစီးတွေ ပုံနေပြီး လူတွေ ဥဒဟို ပြေးလွှား နေကြပါတယ်။ အဆောက်အဦတွေ ပြိုကျ ပျက်စီးပြီး လူသေအလောင်း တွေလဲ တွေ့ရကြောင်း မျက်မြင် တဦးက ပြောဆိုပါတယ်။

ဗုံးပေါက်ကွဲမှု လက်သည်လို့ ဘယ်သူကမှ ဝန်မခံသေးပါဘူး။

အသေခံဖောက်ခွဲမှု ဟုတ်မဟုတ် ရဲက စုံစမ်းနေပါတယ်။

အပျက်စီးတွေကြားထဲမှာ ကယ်ဆယ်ရေးအဖွဲ့က မသေဘဲ ဒဏ်ရာရကျန်ရစ်တဲ့ သူတွေကို ဆက်လက် ရှာဖွေနေကြပါတယ်။

အနီးနားဝန်းကျင်မှာ နေထိုင်ကြသူ တွေကလဲ ဒဏ်ရာရသူတွေကို မော်တော်ကား မီးတွေ ထိုးပြီး ရှာဖွေကြပါတယ်။

သေဆုံးသူတွေရဲ့ ဆွေမျိုးတချို့က ဒီသေဆုံးမှုတွေဟာ အစိုးရရဲ့ ပေါ့လျော့မှု ကြောင့် ဖြစ်တယ်လို့ ပြစ်တင် ပြောဆိုကြပြီး သူတို့အပေါ် အကာကွယ်ပေးဖို့ ပျက်ကွက် တာကို ဆန္ဒပြတဲ့အနေနဲ့ သေဆုံးသူတွေရဲ့ အလောင်းကို မသင်္ဂြိုဟ်ပဲ ထားမယ်လို့ ဆိုနေကြပါတယ်။

အရင်တုန်းကတော့ ရှီးယား လူနည်းစုတွေကို လူများစု ဆွန်နီအုပ်စုတွေက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ ကြဖူးပါတယ်။

လူဦးရေ သန်း ၁၈ဝ ရှိတဲ့ ပါကစ္စတန်မှာ ရှီးယား မွတ်ဆလင်တွေဟာ ၂ဝ ရာနှုန်း လောက် ရှိပါတယ်။

ပြီးခဲ့တဲ့ နှစ်က နိုင်ငံတဝန်း ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် ရှီးယား မွတ်ဆလင် ၄ဝဝ လောက် သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ဆိုပါတယ်။

အဲသလို အများအပြား သေဆုံးခဲ့တဲ့ အတွက် ၂ဝ၁၂ ခုနှစ်ဟာ အဆိုးဝါးဆုံးနှစ်လို့ ဆိုခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီနှစ်မှာတော့ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်း ၂ လလောက် အတွင်းမှာတင် နိုင်ငံ အနောက်တောင်ပိုင်း ကွက်တာ မြို့က ရှီးယား မွတ်ဆလင် ၂ဝဝ နီးပါး သေဆုံး ခဲ့ရပါပြီ။

ဒီပေါက်ကွဲမှုတွေကြောင့် လူနည်းစု ရှီးယား မွတ်ဆလင်တွေ အပေါ် အစိုးရရဲ့ အကာအကွယ် ပေးနိုင်စွမ်းကို စမ်းသပ်စိန်ခေါ် နေပါပြီ။

နိုင်ငံရေးသမားတွေနဲ့ ဘာသာရေး ခေါင်းဆောင် တွေကတော့ အခုဖောက်ခွဲမှုကို ချက်ချင်းဆိုသလို ကန့်ကွက်ရှုတ်ချ ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။