BBC navigation

ဘာသာရေးအခြေခံတဲ့ အစိုးရဆန့်ကျင်ဆန္ဒပြမှု

နောက်ဆုံး ရေးသားချိန် 3 မတ်လ 2013 - 16:29 GMT
Bangladesh Clashes

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘာသာရေး အခြေခံတဲ့ အစိုးရ ဆန့်ကျင် ဆူပူမှုတွေ အကြီးအကျယ် ဖြစ်နေပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုကာလ ၁၉၇၁ က လူသတ်မှု၊ မုဒိမ်းကျင့်မှု၊ ညှင်းပန်းနှိပ်စက်မှု စတဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့တဲ့ ဂျာမတ် အီး အစ္စလာမ်မီးပါတီ ခေါင်းဆောင် ဒဲလ်ဝါ ဟူစိန် ဆာရီဒ်အီကို ကြာသပတေးနေ့က သေဒဏ်ချမှတ်ခဲ့ပြီးနောက်မှာ သေဆုံးသူ ၆၀ အထိ ရှိလာပြီ ဖြစ်ပါတယ်။

အစ္စလာမ်ဝါဒီတွေကတော့ အစိုးရရဲ့ ဆုံးဖြတ်ချက်မှာ နိုင်ငံရေးထိုးနှက်ချက်ပါနေတယ်လို့ စွပ်စွဲထားပြီး အစိုးရကတော့ ဒါကို ငြင်းဆိုထားပါတယ်။ တရားရုံးရဲ့ သေဒဏ်ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့ အနေနဲ့ ဒီကနေ့ကစလို့ နှစ်ရက်ကြာ ဆန္ဒပြပွဲတွေ ဆင်နွှဲဖို့ ဂျာမတ် အီး အစ္စလာမ်မီး ပါတီက နှိုးဆော် ထားပါတယ်။

နှစ်ဘက်ရင်ဆိုင် တိုက်ခိုက်မှုတွေကြောင့် ၂၄ နာရီအတွင်း လူ သုံးယောက် သေဆုံး သွားတယ်၊ ကျေးရွာသားတွေဟာ တရားရုံး ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အလွန့်အလွန်ကို ဒေါသထွက်နေကြတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တရားဥပဒေ စိုးမိုးမှုရှိအောင် ထိန်းသိမ်းနိုင်သလောက်တော့ ဆန္ဒပြပွဲတွေ ဟန့်တားနိုင်ပေမယ့် ဒါဟာ နိုင်ငံရေးနွယ်တဲ့ ပြဿနာဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

မနေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာမှာ အဓိကရုဏ်း နှိမ်နင်းရေးရဲတွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေ သုံးပြီး လူစုခွဲခဲ့ရပါသေးတယ်။ မီးလောင်နေတဲ့ ဘတ်စ်ကားတစီး တွေ့ရသလို ရဲတွေက အခြေအနေကို ထိန်းသိမ်းနေတယ်လို့ မြို့ခံတယောက်က ဘီဘီစီကို ပြောပါတယ်။

အမေရိကန်နိုင်ငံကတော့ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို စိတ်ပူတယ်လို့ ပြောပြီး၊ ငြိမ်းချမ်းစွာပဲ ဆန္ဒပြကြဖို့ တောင်းဆိုလိုက်ပါတယ်။

တကယ်တကယ့်ကျတော့ ဒုက္ခရောက်သူတွေထဲမှာ သာမန်ပြည်သူတွေကတော့ ထိပ်ဆုံးက ဖြစ်ပါတယ်။ အပြင်လည်း မထွက်ရဲ၊ ဝယ်စရာ ခြမ်းစရာရှိလည်း မဝယ်နိုင်ဖြစ်နေကြပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက ထိန်းထားနိုင်တဲ့ နေရာတွေမှာဆို လူတွေက ခြောက်ကပ်တိတ်ဆိတ်နေပြီး၊ နိုင်ငံခြားသား ကမ္ဘာလှည့်တွေလည်း ပိတ်မိနေတာတွေ ရှိပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။