BBC navigation

အာဖဂန် အမေရိကန် တပ်တချို့ ထွက်ခိုင်း

နောက်ဆုံး ရေးသားချိန် 24 ဖေဖေါ်ဝါရီလ 2013 - 23:16 GMT
afghan

အရေးပါတဲ့ ဝါဒက် ခရိုင်က ဆုတ်ရမယ်

အာဖဂန် က အမေရိကန် အထူး တပ်ဖွဲ့တွေကို မဟာဗျူဟာအရ အရေးပါတဲ့ ဝါဒက် ခရိုင်က ဆုတ်ခွာဖို့ ၂ ပတ် အချိန် ပေးထားပါတယ်။

အမေရိကန် အထူးတပ်ဖွဲ့ တွေဆီမှာ အလုပ်လုပ်တဲ့ အာဖဂန် နိုင်ငံသားတွေဟာ အရပ်သားတွေ ပျောက်ဆုံးမှု၊ ညှဉ်းပန်း နှိပ်စက် မှုတွေမှာ ပါဝင် ပတ်သက်တာတွေ ရှိတယ် ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်လာပြီးနောက် ဒီလို ဆုံးဖြတ်ခဲ့တာလို့ အာဖဂန် သမ္မတ ဟာမစ် ကာဇိုင်းရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

လတ်တလော ပြုလုပ်ခဲ့တဲ့ အကြမ်းဖက် နှိမ်နင်းရေး စစ်ဆင်ရေး တွေမှာ အချက်အချာ ကျတဲ့ အာဖဂန် အလယ်ပိုင်းက ဝါဒက် ခရိုင်ကို ကာဘူးလ် မြို့တော်ကို ဝင်တိုက်မယ့် တာလီဘန် တွေရဲ့ တံခါးဝ အဖြစ် သတ်မှတ်ထား ကြပါတယ်။

အာဖဂန် ဘက်က ဒီလို စွပ်စွဲမှုတွေကို အလေးအနက် ထားပြီး အရေးယူ ဆောင်ရွက် နေတယ်လို့ အမေရိကန် တပ်တွေရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

ဒါပေမဲ့ သမ္မတကာဇိုင်းရဲ့ ထုတ်ပြန်တဲ့ အမိန့်အပေါ်မှာတော့ ဘာတခုမှ တိတိကျကျ မှတ်ချက်ပေးပြောဆိုတာ မျိုး မရှိပါဘူး။

အစိုးရ ထိပ်တန်း အရာရှိတွေနဲ့ စကားပြောဆို မပြီးမချင်း ဘာမှ မဝေဖန်ချင်ဘူး လို့ပဲ အမေရိကန် အထူးတပ်ဖွဲ့ ပြောဆိုခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

အရေးကြီးတဲ့ ပြဿနာမို့ အာဖဂန် ခေါင်းဆောင်တွေနဲ့ ပြောဆိုဆွေးနွေးဖို့ လိုတယ်လို့ပဲ ဆိုပါတယ်။

အာဖဂန် သမ္မတရုံး ကတော့ ဒီဆုံးဖြတ်ချက်ကို အမျိုးသား လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ ဆွေးနွေးပြီးမှ လုပ်ခဲ့တာလို့ ဆိုပါတယ်။

အကြေအလည် ဆွေးနွေးပြီးနောက် ဝါဒက် ခရိုင်မှာ အမေရိကန် အထူးတပ်ဖွဲ့ နာမည်နဲ့ လှုပ်ရှား နေကြတဲ့ လက်နက်ကိုင် တွေရဲ့ နှောင့်ယှက် နှိပ်စက်မှုတွေ သာမက အပြစ်မဲ့လူတွေကို သတ်ဖြတ်မှု တွေ ရှိတာတောင် ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆင်ရေး တခုမှာ လူကိုးယောက် ပျောက်ဆုံးသွား ခဲ့သလို ကျောင်းသား တယောက်ကို ညဘက်မှာ အိမ်က ခေါ်သွားပြီးနောက် နှိပ်စက်ညှင်းပန်းထားတဲ့ ဒဏ်ရာတွေနဲ့ လည်ပင်း လှီးဖြတ် ခံထားရတဲ့ အလောင်းကို နှစ်ရက်အကြာမှာ တံတားတခု အောက်မှာ တွေ့ခဲ့ရတယ်လို့ အာဖဂန် သမ္မတရုံးက ပြောပါတယ်။

ဒီလို ဖြစ်ရပ်တွေကြောင့် ဒေသခံ ပြည်သူတွေရဲ့ မုန်းတီးမှုကို ခံရတယ်လို့ ဆိုပါတယ်။

အမေရိကန် ဘက်ကတော့ ဒီစစ်ဆင်ရေးမျိုး ရှိတာကို ငြင်းဆိုပြီး အထူးတပ်ဖွဲ့ ပါဝင် ပတ်သက်မှု မရှိဘူးလို့ ဆိုပါတယ်။

အာဖဂန် သမ္မတရဲ့ ကြေညာချက်ထဲမှာ အာဖဂန် စစ်သားတွေ ဒီလို အဖြစ်အပျက် တွေကို ရပ်တန့်ဖို့ တာဝန်ရှိတယ်လို့ ဆိုထားပြီး လူထု ပူးပေါင်းပါဝင်ဖို့ တိုက်တွန်း ထားပါတယ်။

တချို့ အာဖဂန် နိုင်ငံသားတွေ ဒီလို ဖြစ်ရပ်တွေမှာ ပါဝင်နေပြီး သူတို့ အမေရိကန် အထူးတပ် အတွက် အလုပ်လုပ်ပေးနေတယ် လို့လဲ သမ္မတ ပြောရေးဆိုခွင့်ရ အီမယ်လ် ဖေ့ဇီက ဆိုပါတယ်။

ဒါပေမဲ့ အဲဒီ အာဖဂန် နိုင်ငံသားတွေက ဘယ်သူတွေ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ဖော်ပြ မထားပါဘူး။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။