BBC navigation

ဂျာမနီပညာရေးဝန်ကြီး နုတ်ထွက်

နောက်ဆုံး ရေးသားချိန် 9 ဖေဖေါ်ဝါရီလ 2013 - 23:35 GMT
Annette

ပညာရေးဝန်ကြီးရဲ့ ပါရဂူဘွဲ့ယူစာတမ်းဟာ ခိုးကူးထားတယ်လို့ တက္ကသိုလ်က စွပ်စွဲ ဆုံးဖြတ်ခဲ့ပါတယ်။

ဂျာမနီနိုင်ငံက ပညာရေးဝန်ကြီး အန်းနက်တာ ရှာဗန်းရဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က ပါရဂူဘွဲ့ ရယူခဲ့တဲ့ ဘွဲ့ယူစာတမ်းဟာ ခိုးကူးထားတွေပါနေတယ်လို့ တက္ကသိုလ်က ဆုံးဖြတ် ဖော်ထုတ်ပြီးနောက်မှာ ဝန်ကြီး အဖြစ်ကနေ နုတ်ထွက်ခဲ့ပါတယ်။

ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာကယ်ရဲ့ ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်လည်း တဦးဖြစ်တဲ့ ပညာရေးဝန်ကြီးက တက္ကသိုလ်ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ရင်ဆိုင်မယ်လို့ ပြောပါတယ်။

သူဘယ်တုန်းကမှ မကူးခဲ့ဘူး၊ မခိုးခဲ့ဘူး၊ ဒါကြောင့် ဟန်းနရစ် ဟိုင်းတက္ကသိုလ်ကို တရားပြန်စွဲမယ်လို့ နုတ်ထွက်သွားတဲ့ ဝန်ကြီးက ပြောပါတယ်။

တက္ကသိုလ်ရဲ့ စွပ်စွဲ ဆုံးဖြတ်ချက်ကြောင့် ပညာရေးဝန်ကြီးအဖြစ်ကနေ နုတ်ထွက်ခဲ့ပေမယ့်လို့ လွှတ်တော်အမတ်အနေနဲ့တော့ ဆက်ရှိနေဦးမယ်လို့ သူက ပြောပါတယ်။

ဝန်ကြီးချုပ် မာကယ်က ဆက်ဆိုနီအောက်ပိုင်းပြည်နယ်ရဲ့ သိပ္ပံနဲ့ယဉ်ကျေးမှုဝန်ကြီး ဂျော်နသန် ဝန်ကာကို ပညာရေးဝန်ကြီးအဖြစ် အစားထိုးခန့်လိုက်ပါတယ်။

အခုအခါမှာ အသက် ၅၇ နှစ် ရှိပြီဖြစ်တဲ့ ပညာရေးဝန်ကြီးရဲ့ ၁၉၈၀ ပြည့်နှစ်က ရယူခဲ့တဲ့ ပါရဂူဘွဲ့အတွက် ဘွဲ့ယူစာတမ်း Person and Conscience လူနဲ့မူ ဘွဲ့ယူစာတမ်းဟာ ကူးထားတယ်လို့ တက္ကသိုလ်အာဏာပိုင်တွေက ဆုံးဖြတ်ခဲ့ပြီး ဘွဲ့ကို ပြန်ရုပ်သိမ်းခဲ့တာလည်း ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးကိုတောင် တက္ကသိုလ်တခုက စည်းမျဉ်းပိုင်းနဲ့ ပတ်သက်ရင် ငဲ့ညှာထောက်ထားခြင်း မရှိဘဲ အရေးယူ ဆောင်ရွက်ခဲ့သလို ပညာရေးဝန်ကြီးကလည်း သတ္တိရှိရှိ နုတ်ထွက်ခဲ့ပါတယ်။

နုတ်ထွက်တာမှာတောင် ဝန်ကြီးချုပ်ဟောင်း တဦးဖြစ်တဲ့ အာဝင်တူးဖဲရဲ့ စကားကို ကိုးကားလို့ နိုင်ငံအတွက် ပါတီအတွက် သူကိုယ်တိုင်အတွက် အဆင့်ဆင့် အကျိုးရည်လို့ နုတ်ထွက်ပါတယ်လို့ ပြောပါတယ်။

ပညာရေးဝန်ကြီးရဲ့ လုပ်ငန်းတာဝန်တွေထဲမှာ ဂျာမနီနိုင်ငံတဝှန်းက တက္ကသိုလ်တွေကို ကြီးကြပ် ထောက်ပံ့ပေးရတဲ့ တာဝန်လည်း ပါပါတယ်။

အခုဝန်ကြီးအရင် ၂၀၁၁ ကလည်း ကာကွယ်ရေးဝန်ကြီး ကားလ် သီရိုဒို ဂါတန်ဘာ့ဂ်ဟာလည်း သူ့ဘွဲ့ယူစာတမ်းက ခိုးကူးထားတာတွေ ပါနေတယ်လို့ စွပ်စွဲခံရအပြီးမှာ နုတ်ထွက်ခဲ့ပါသေးတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။