BBC navigation

ပြင်သစ်တပ်တွေ တင်မ်ဘက်တူးမြို့ကို ဝိုင်းထားပြီ

နောက်ဆုံး ရေးသားချိန် 28 ဇန်နဝါရီလ 2013 - 16:39 GMT
မာလီတပ်ဖွဲ့ဝင်များ

မာလီတပ်ဖွဲ့ဝင်များ

မာလီ နိုင်ငံ အတွင်းမှာ ပြင်သစ် နိုင်ငံက မြန်မြန်ဆန်ဆန် ထိုးစစ်ဆင် တိုက်ခိုက်နေတာ မဟုတ်ပေမဲ့ ခုချိန်ထိ မာလီနိုင်ငံမှာ သူတို့ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးနဲ့ ပတ်သက်လို့ ပြင်သစ် တပ်မှူးကြီးတွေ ကျေနပ် နေကြ နိုင် ပါတယ်။၁၈ ရက်ကြာ သဲကန္တာရ နိုင်ငံ အတွင်း စစ်ဆင်ရေးမှာ မာလီ တပ်ဖွဲ့တွေနဲ့ အတူ ပြင်သစ် တပ်ဖွဲ့တွေက နိုင်ငံ မြောက်ပိုင်းမှာ သူပုန်တွေ သိမ်းယူထားတဲ့ အရေးပါတဲ့ မြို့တွေထဲက Gao မြို့ကို စီးနင်း နိုင်ခဲ့တဲ့ အပြင် Timbuktu မြို့ပြင်က လေဆပ် အထိ ရောက်လာ နိုင်ခဲ့ ပါတယ်။

ကုလ သမဂ္ဂ ဆုံးဖြတ်ချက်နဲ့ ဝင်လာပြီး မာလီ အစိုးရကို ကူညီမယ့် အနောက် အာဖရိက တပ်ဖွဲ့တွေ ကို စတင် နေရာ ချထား နိုင်အောင် ပြင်သစ် လေကြောင်း ကနေရော အထူး တပ်ဖွဲ့တွေ ကပါ အရေးပါတဲ့ နေရာ ကနေ ပါဝင်ခဲ့ ပါတယ်။ ဒါကတော့ ထင်သာ မြင်သာ တွေ့ရတဲ့ စစ်ပွဲပါ။ ဒါပေမဲ့ နောက်ထပ် ရင်ဆိုင်လာရနိုင်တဲ့ စစ်ပွဲတွေ ကလည်း ရှိနေပါသေးတယ်။

ပြင်သစ် တပ်တွေ ရဲ့ ထိုးစစ် ဆင် တိုက်ခိုက်မှု တွေကြောင့် အစ္စလမ်မစ် တပ်ဖွဲ့တွေ ဆုတ်ပေး ခဲ့ကြရ ပါတယ်။ ပြင်သစ် အနေနဲ့ မာလီ နိုင်ငံနဲ့ အာဖရိက မဟာမိတ် တွေကို ပုံမှန် လုံခြုံရေး လုပ်ငန်း တာဝန်တွေ ပြန်လည် လွဲပြောင်းပေးမှု မတိုင်ခင် အဲဒီ အစ္စလာမစ် အုပ်စု တွေကို အတတ် နိုင်ဆုံး အထိနာအောင် လုပ်ချင်တာ ကတော့ ရှင်း ပါတယ်။

ဒါပေမဲ့ စိုးရိမ်စရာ တစ်ချက်က အစ္စလာမစ် တိုက်ခိုက်ရေး သမားတွေက တောင်တွေ ကြားထဲမှာ၊ သွားရ လာရ မလွယ်တဲ့ မာလီ နိုင်ငံ နယ်စပ် က ဒေသ တွေမှာ ခိုအောင်း နေပြီး မာလီ အာဏာပိုင် တွေရဲ့ ထိန်းချုပ်မှုကို စိန်ခေါ်မယ့် ဝင်တိုက်လိုက် ထွက်ပြေးလိုက် လုပ်တဲ့ တိုက်ခိုက်မှု မျိုးတွေ လုပ်လာနိုင် ပါတယ်။

ဒါ့အပြင် ပြင်သစ် နိုင်ငံ အတွက် နောက်ထပ် အခက် အခဲကလည်း ရှိနေပါသေးတယ်။ မာလီ နိုင်ငံမှာက နိုင်ငံ မြောက်ပိုင်းမှာ Touareg ပုန်ကန် ထကြွမှု၊ စစ်တပ်က အာဏာ သိမ်းယူခဲ့ ပြီးတဲ့နောက် ကြားဖြတ် အရပ်သား အစိုးရက သူ့ရဲ့ ရပ်တည်မှု အတွက် ကြိုးပမ်း နေရမှု စတဲ့ ကိစ္စ တွေလို နိုင်ငံရေး ပြဿနာတွေ တသီ တတန်းကြီး ရှိနေ တာပါ။

မာလီနိုင်ငံ မြောက်ပိုင်း နေရာ အနှံ့ အပြားက ပုန်ကန်မှု တွေကို တန်ပြန် နှိမ်နင်း နိုင်ဖို့ ပြင်သစ် စစ်တပ်ရဲ့ ပါဝင်မှု အခန်း ကဏ္ဍ ကလည်း အချိန် အတန်ကြာ အထိ လိုအပ် နိုင်ပါ သေးတယ်။ ပြင်သစ် နိုင်ငံက မာလီ နိုင်ငံ တွင်းကို အချိန်တို အတွင်း ဝင်ရောက် လာခဲ့ ပေမဲ့ ပြန်လည် ထွက်ခွာ သွားနိုင်ဖို့ ကိစ္စ မှာတော့ နောက်ထပ် ထည့်သွင်း စဉ်းစား စရာတွေ ရှိနေတဲ့ အကြောင်း ဘီဘီစီ ကမ္ဘာ့ ရေးရာ သတင်းထောက် Jonathan Marcus က သုံးသပ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။