BBC navigation

အီဂျစ်တော်လှန်ရေး နှစ်ပတ်လည်မှာ အဓိကရုန်းတွေ ဖြစ်

နောက်ဆုံး ရေးသားချိန် 26 ဇန်နဝါရီလ 2013 - 01:58 GMT

အီဂျစ်မှာ ဆန္ဒပြသူတွေနဲ့ ရဲ အဓိကရုန်းဖြစ်

အီဂျစ် နိုင်ငံမှာ သမ္မတဟော့စနီ မူဘာရက်ကို ရာထူးကနေ ပြုတ်ကျစေခဲ့တဲ့ လူထုဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တဲ့ ဒုတိယ နှစ်ပတ်လည်နေ့မှာ အစိုးရဆန့်ကျင်သူတွေနဲ့ လုံခြုံရေးအဖွဲ့ဝင်တွေကြား အဓိကရုန်းတွေ ဖြစ်ပွားခဲ့လို့ ဆူးအက်မြို့မှာ လူ ၅ ဦးသေဆုံးခဲ့ပါတယ်။

ကိုင်ရိုမြို့က သမ္မတ အိမ်တော်အပြင်ဘက် နဲ့ တာဟီရာရင်ပြင်မှာ သမ္မတမော်ဆီကို ဆန့်ကျင်သူတွေနဲ့ ရဲတွေ ခိုက်ရန်ဖြစ်ပွားခဲ့သလို အလက်ဇန်းဒရီးယား မြို့မှာလည်း အလားတူ ဖြစ်ခဲ့ပါတယ်။

တော်လှန်ရေးပြီးတာ ၂ နှစ်ရှိသွားပေမယ့် ကျနော်တို့တောင်းခဲ့တဲ့ ပေါင်မုန့် ၊ လွတ်လပ်ခွင့် နဲ့ လူမှုရေးမျှတမှုတွေ အခုထိ ဘာမှ ဖြစ်မလာသေးပါဘူး ဒါကြောင့် ကျနော်တို့ ဆန္ဒပြပြနေ့ကြတာလို့ မနေ့က တာဟီရာရင်ပြင်မှာ ဆန္ဒပြနေသူတဦးက ဘီဘီစီကို ပြောခဲ့ပါတယ်။

အစ္စမိုင်လီယားမြို့ က မူဆလင် ဘရားသားဟုအဖွဲ့ရဲ့ နိုင်ငံရေးပါတီ ဖြစ်တဲ့ Freedom and Justice ပါတီဌာနချုပ်ကို လူငယ်ဆန္ဒပြသူတွေ အတင်းချိုးဖျက်ဝင်ရောက်ခဲ့ကြပြီး နောက်ပိုင်းမှာ မီးတင်ရှို့ ခဲ့ကြပါတယ်။

The Muslim Brotherhood အဖွဲ့ကတော့ နှစ်ပတ်လည်နေ့မှာ လမ်းမပေါ်ထွက် ချီတက်တာမျိုးမလုပ်ဘဲ နှစ်ပတ်လည်အထိမ်းအမှတ် လူမှုရေးလုပ်ငန်းတွေ လုပ်ဖို့ စီစဉ်ထားခဲ့တာပါ။

အီဂျစ်နိုင်ငံတဝှမ်း မှာ လူတိုင်းလူတိုင်း အိမ်ပြင်ထွက် ပြီး ၊ မပြီးဆုံးသေးတဲ့ တော်လှန်ရေး အပြီးသတ်ဖို့ လိုတယ်ဆိုတာ ပြသကြဖို့ ထင်ရှားတဲ့ အတိုက်အခံခေါင်းဆောင်တဦးဖြစ်တဲ့ မိုဟာမက် အဲ ဘာရာဒေး ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

လက်ရှ သမ္မတ မစ္စတာမော်ဆီဟာ အာဏာရှင်ဆန်တယ် တော်လှန်ရေးကို သစ္စာဖေါက်တယ်လို ဝေဖန်သူတွေက စွပ်စွဲခဲ့ပါတယ်။

ဆိုးရွားတဲ့ စီးပွားရေး အကျပ်အတည်းနဲ့ပတ်သက်လို့လည်း သူ့အစိုးရကို အပြစ်ဖို့ကြပါတယ်။

မစ္စတာမော်ဆီကတော့ ဒါကို ငြင်းခဲ့ပါတယ်။

တနိုင်ငံလုံးမှာ လူပေါင်း ၃၃၀ ကျော် ဒဏ်ရာခဲ့တဲ့ အဓိကရုန်းတွေကို အဆုံးသတ်ပြီး အေးအေးဆေးဆေးနေကြဖို့ သမ္မတက ပန်ကြားလိုက်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။