BBC navigation

ဂျွန်ကယ်ရီ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်တော့မယ်

နောက်ဆုံး ရေးသားချိန် 25 ဇန်နဝါရီလ 2013 - 01:16 GMT
john kerry

နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာတော့မယ့် ဂျွန်ကယ်ရီ

အမေရိကန် ပြည်ထောင်စု မှာတော့ လွှတ်တော် အမတ် ဂျွန်ကယ်ရီက အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ဖို့ ဆီးနိတ် လွှတ်တော်ရဲ့ နိုင်ငံခြားရေးရာ ကော်မတီရဲ့ အတည်ပြုချက်ကို တောင်းခံ ရယူ ခဲ့ပါတယ်။

အဲဒီ ကော်မတီ နဲ့ တွေ့ဆုံ ခဲ့ရာမှာ မစ္စတာ ကယ်ရီက သူ့ရှေ့က နိုင်ငံခြားရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့တဲ့ ဟီလာရီ ကလင်တန်ရဲ့ လုပ်ဆောင်ချက် တွေနဲ့ ပတ်သက်လို့ အင်မတန် တာဝန်ကျေပွန် ခဲ့တယ်လို့ ဂုဏ်ပြု ပြောကြား ခဲ့ပါတယ်။

မစ္စတာ ကယ်ရီက မစ္စစ် ကလင်တန် ဟာ နိုင်ငံခြားရေး ဌာနကို အဆင့်မြင့်မားစွာ ဦးဆောင်ခဲ့တဲ့ အကြောင်းနဲ့ နိုင်ငံအတွက် စူးစူးနစ်နစ် တာဝန် ထမ်းဆောင် နိုင်ခဲ့တဲ့ အကြောင်း၊ မစ္စစ် ကလင်တန် ရှေ့က လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းစဉ် တွေနဲ့ သမ္မတ အိုဘားမားရဲ့ လမ်းညွှန်မှု တွေကို အခြေခံပြီး သူအတတ်နိုင်ဆုံး ကြိုးစား တာဝန် ထမ်းဆောင် သွားမယ်လို့လည်း ပြောကြား သွားပါတယ်။

အသက် ၆၉ နှစ် ရှိပြီ ဖြစ်တဲ့ မစ္စတာ ကယ်ရီဟာ အရင်က ဒီမိုကရက်တစ် ပါတီရဲ့ အမေရိကန် သမ္မတလောင်း အဖြစ် သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက် အရွေးခံခဲ့ ဖူးသူဖြစ်ပြီး အခုလို နိုင်ငံခြားရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ဖို့ ဆီးနိတ် လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီရဲ့ ထောက်ခံမှုကို လွယ်လွယ်ကူကူနဲ့ ရနိုင် မယ်လို့ ခန့်မှန်း နေကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။