BBC navigation

ဆီရီးယားဒုက္ခသည်တွေ ဆိုးရွားတဲ့ အအေးဒဏ်ခံနေရ

နောက်ဆုံး ရေးသားချိန် 15 ဇန်နဝါရီလ 2013 - 01:04 GMT

ဆီရီးယားနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းနောက်ဆက်တွဲ ဖြစ်လာတဲ့ စစ်ဘေးစစ်ဒဏ်ကို ခံနေကြရတဲ့ သန်းနဲ့ချီတဲ့ ဆီရီးယားပြည်သူတွေဟာ အခုနောက်ထပ် ဆိုးရွားတဲ့ ဒဏ်တခုကိုခံနေကြရပြန်ပါတယ်။

အခုနှစ် ဆောင်းရာသီမှာ အနှစ်၂၀ အတွင်းအဆိုးရွား နှင်းမုန်တိုင်းဒဏ်ကို သူတို့ အလူးအလဲ ခံနေကြရတာဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံတွင်းက နေရပ်စွန့်ပြေးခဲ့ကြရတဲ့ အိုးအိမ်မဲ့ စစ်ဒဏ်ခံ ပြည်သူ ၂သန်းလောက်ဟာ အနွေးဓါတ်မရှိတဲ့ ရေခဲမှတ်နီးနီး အအေးဒဏ်ကို ပိုခံနေကြရပါတယ်။

ဆီရီးယားနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာလည်း သိန်းနဲ့ချီတဲ့ ဆီရီးယားဒုက္ခသည်တွေဟာ ယာယီရွက်ဖျင်တဲတွေ ဖြစ်သလိုဆောက်ထားတဲ့ အဆောက်အဦးတွေမှာ နေနေကြရပါတယ်။ ဒုက္ခသည်တဝက်ကျော်ဟာ ကလေးတွေ ဖြစ်ကြတယ်လို့ လက်ဘနွန်နိုင်ငံမြောက်ပိုင်း ဘက်ကာတောင်းကြားက ဒုက္ခသည်စခန်းတခုကို ကိုယ်တိုင်ရောက်ခဲ့တဲ့ ဘီဘီစီ နိုင်ငံတကာ သတင်းထောက် လိစ်ဒူဆက်က ပြောပါတယ်။

အဲဒီဒုက္ခသည်စခန်းကို သွားတဲ့ လမ်းတွေအားလုံး နှင်းတွေအထူကြီးဖုံးနေတာမို့ ခြေလျင်ဘဲ လျှောက်သွားခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီစခန်းဟာ ကွန်ကရစ်နဲ့ ဆောက်ထားတဲ့ တိုက်တန်းရှည်ကြီး ၂ ခုရှိပြီး မိသားစု ၃၈ စု နေနေကြရတာဖြစ်ပါတယ်။

ဆီရီးယားကလေးငယ်တွေနဲ့ တွေ့ခဲ့တဲ့ လိစ်ဒူးဆက်က ကလေးတွေရဲ့ လက်တွေဟာ ရေခဲတုံးလို အေးစက်နေပြီး မေးခိုက်နေကြတယ်၊ နေရော ညပါ အရမ်းကို အေးတယ်၊ ကလေးတွေနေထိုင်မေကာင်းဖြစ်ရင် ဘာဆေးဝါးမှလည်းမရှိဘူး၊ ဒီအဆောက်အဦးကလည်း အအေးဓါတ်ကို မကာကွယ်နိုင်ဘူးလို့ လိစ်ဒူဆက်ကပြောခဲ့တာပါ။

သူတွေ့ခဲ့ရတဲ့ ကလေးငယ် တွေမှာ တယောက်မှ အအေးဒါဏ်ခံနိုင်တဲ့ အနွေးထည် ဝတ်ထားတာမတွေ့ရဘူး၊ တချို့ဆို ဖိနပ်တောင်မရှိဘူး၊ ချမ်းလို့ ခိုက်ခိုက်တုံနေကြတယ် ချောင်းတွေလည်းဆိုးနေကြတယ်လို့ ပြောခဲ့ပါတယ်။

ဆီရီးယားအစိုးရဗုံးဒဏ်ကြောင့် ခင်ပွန်းသည် ဆုံးပါးခဲ့ရတဲ့ ကလေး ရှစ်ယောက်အမေတဦးက ဆိုရင် နေထိုင်မကောင်းတဲ့ ကလေးတွေကို ဆေးရုံသွားပြဖို့ ပိုက်ဆံမရှိဘူး၊ အနွေးဓါတ်ရအောင် မီးဖိုဖို့ ဆီလည်းမဝယ်နိုင်၊ ဒီလိုဘဝမျိုးမှာ ဘယ်သူမှနေချင်မှာ မဟုတ်ဘူး၊လို့ သူ့ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေး အထောက်အကူတချို့ ဆီရီးယားနဲ့ လက်ဘနွန်ကို ရောက်လာနေပါတယ်။

ဒုက္ခသည်တွေအတွက် အန်ဂျီအိုအဖွဲ့တွေ နဲ့ ကုလသမဂ္ဂတို့က အစားအသောက် လောင်စာဆီတွေ ကိုတာနဲ့ ဖြန်ဖြူးပေးနေပေမယ့် နေ့စဉ်နဲ့အမျှ ရောက်လာနေတဲ့ ဒုက္ခသည်တွေကြောင့် လုံလောက်တယ်လို့မရှိပါဘူး၊

ဒီဒုက္ခသည်အတွက် တကယ်တန်းလိုအပ်နေတာကတော့ စစ်ပွဲအဆုံးသတ်ဖို့ဘဲဖြစ်ပါတယ်လို့ လိစ်ဒူဆက်ကပြောပါတယ်။

နိုင်ငံတကာအကူအညီတွေဟာ မလုံလောက်တော့တဲ့အတွက် ပိုဆိုးတဲ့ အကျပ်အတည်းကို ရောက်လာနိုင်တယ်လို့ နိုင်ငံတကာ ကယ်ဆယ်ရေးကော်မီတီက သတိပေးခဲ့သလို ကုလသမဂ္ဂကလည်း ဆီးရီးယားလူမျိုး တသန်းလောက် အစာရေစာ ပြတ်လပ်နိုင်တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ပြောခဲ့ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က လူ တသန်းခွဲအတွက် ထောက်ပံနေပေမယ့် တိုက်ပွဲတွေ ဆက်ရှိနေပြီး ဆိပ်ကမ်းတွေ မသုံးနိုင်တာကြောင့် ရိက္ခာတွေ မပို့နိုင်ဘဲရှိနေတယ်လို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။