BBC navigation

အငြင်းပွားဖွယ်တွေနဲ့ ဗင်နီဇွဲလားသမ္မတ ကျမ်းကျိန်ပွဲ

နောက်ဆုံး ရေးသားချိန် 5 ဇန်နဝါရီလ 2013 - 16:04 GMT
Chavez

သမ္မတရှာဗက်ဇ် ကြာသပတေးနေ့ ကျမ်းသစ္စာကျိန်ဆိုပွဲ မတက်ရင် ဘာဖြစ်မလဲ ဆိုတာဟာ စိတ်ဝင်စားစရာပါ။

ဗင်နီဇွဲလားနိုင်ငံမှာ သမ္မတ ဟူဂို ရှာဗက်ဇ်ဟာ ကင်ဆာရောဂါနဲ့ အပြင်းအထန် ခံစားနေရတဲ့အတွက် လာမယ့် ကြာသပတေးနေ့မှာ ကျင်းပမယ့် သူရဲ့ လေးကြိမ်မြောက်အဖြစ် နောက်တကြိမ် ခြောက်နှစ် သမ္မတသက်တမ်းအတွက် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို မတက်ရောက်နိုင်ဘဲ ရှိနေတာမို့ အတိုက်အခံတွေကတော့ ရွေးကောက်ပွဲ ပြန်ကျင်းပပေးဖို့ တောင်းဆိုနေပါတယ်။

သမ္မတရှာဗက်ဇ်ရဲ့ လက်ထောက်ဖြစ်တဲ့ ဗင်နီဇွဲလားရဲ့ ဒုတိယသမ္မတ နီကိုလက်စ် မက်ဒူရိုကတော့ တရားလွှတ်တော်ချုပ်က ကြားဝင် ဆောင်ရွက်လိုက်ရင် သမ္မတ ပြန်ကျန်းမာလာတဲ့အခါ ကျမ်းသစ္စာ ပြန်ကျိန်နိုင်ပါတယ်လို့ ပြောပြီး ရွေးကောက်ပွဲ ပြန်ကျင်းပရမယ်လို့ တောင်းဆိုတဲ့ အတိုက်အခံတွေရဲ့ လိုလားချက်ကို ပယ်ချလိုက်ပါတယ်။

လက်တလောမှာတော့ သမ္မတ ရှာဗက်ဇ်ဟာ သူ့ကင်ဆာရောဂါကို ကျူးဘားနိုင်ငံမှာ ကုသနေပြီး၊ နောက်ဆုံး အကြိမ်အဖြစ် ခွဲစိတ်ကုသခံယူမှုကနေ နာလံထူဖို့ ကြိုးစားနေရပါတယ်။ သမ္မတဟာ ခွဲစိတ်ကုသပြီးနောက်ပိုင်း လူထုမြင်ကွင်းကနေ ပျောက်နေတာ အခုဆို သီတင်းသုံးပတ်တောင် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

အကဲခတ်တွေကတော့ သမ္မတ ရှာဗက်ဇ် ကြာသပတေးနေ့မှာ ကိုယ်တိုင်ကိုယ်ကျ ကျမ်းသစ္စာ မကျိန်ဆိုခဲ့ရင်ဆိုတဲ့ အမြင်အမျိုးမျိုး ရှိနေကြပါတယ်။ အတိုက်အခံတချို့က သမ္မတတာဝန် ထမ်းဆောင်မယ့်သူက ကျူးဘား ရောက်နေတော့ တိုင်းပြည်အုပ်ချုပ်မှု တာဝန်တွေကို လွှတ်တော်ဥက္ကဌဆီ ယာယီလွှဲထားပြီး တလအတွင်း ရွေးကောက်ပွဲခေါ်ယူဖို့ ပြောဆိုကြပါတယ်။

ဒုတိယသမ္မတ မက်ဒူရိုကတော့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ တရားဝင် အခမ်းအနားကို တရားလွှတ်တော်မှာ နောက်ပိုင်းကျင်းပလို့ ရတယ်၊ သမ္မတဟာ အခြေခံဥပဒေအရဆိုရင် နာမကျန်းဖြစ်နေပေမယ့် သမ္မတသာ ဖြစ်တယ်လို့ပဲ ခိုင်ခိုင်မာမာ ပြောဆိုနေပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။