BBC navigation

အိန္ဒိယ အဓမ္မမှု ကျန်ရစ်သူ ပြန်ပြောပြ

နောက်ဆုံး ရေးသားချိန် 5 ဇန်နဝါရီလ 2013 - 00:45 GMT

အိန္ဒိယက အမျိုးသမီးတွေရဲ့ ဘ၀ လုံခြုံရေး ဆန္ဒပြမှုတွေ

အိန္ဒိယနိုင်ငံ ဒေလီမြို့က ဘတ်စကားတစီး ပေါ်မှာ ပြီးခဲ့တဲ့ လက အုပ်စုနဲ့ အဓမ္မ ပြုကျင့် ခံခဲ့ရပြီး ရိုက်နှက် ခံရလို့ သေဆုံးခဲ့ရတဲ့ ဆေးကျောင်းသူလေးနဲ့ အတူပါလာတဲ့ အမျိုးသားမိတ်ဆွေက သူတို့ရဲ့ ထိတ်လန့် တုန်လှုပ်စရာ အတွေ့အကြုံကို ပထမဆုံး အကြိမ် ပြန်ပြောပြခဲ့ပါတယ်။

ဇီး အိန္ဒိယရုပ်မြင်သံကြား လိုင်းက မေးမြန်းခန်းမှာ အဲဒီအမျိုးသားက သူတို့ကို ဘယ်လို တိုက်ခိုက်ခဲ့တယ်ဆိုတာကို ပြောခဲ့တာဖြစ်ပြီး သူ့ရဲ့ နာမည်ကိုတော့ ဖေါ်ပြခဲ့ခြင်း မရှိပါဘူး။

ပထမဆုံး သူနဲ့ သူရဲ့ ဆေးကျောင်းသူ မိတ်ဆွေကို ဘတ်စကားပေါ် ညာပြီး ခေါ်တင်ခဲ့တယ်လို့ ပြောပြပါတယ်။ တကယ့် ခရီးသည်တင် ကား ထင်ပြီး ဘတ်စကားခ တောင် ပေးခဲ့တယ်လို့ ဆိုပါတယ်။

ကားတံခါးတွေ သော့ချလိုက်ပြီး သူ့မိတ်ဆွေ အမျိုးသမီးကို ကားပေါ်ပါတဲ့ အမျိုးသားတွေက စကြနောက်ကြ တာကြောင့် သူနဲ့ ရန်ဖြစ်ကြတယ်လို့ ပြောပါတယ်။

ဒီနောက် တယောက်က သံဒုတ်နဲ့ သူ့ကိုရိုက်လိုက်ပါတယ်။ သူသတိမလစ်ခင် သူ့မိတ်ဆွေ အမျိုးသမီးကို အဲဒီလူတွေက ဆွဲခေါ်သွားတယ်လို့ ပြောပါတယ်။

ဒေလီမြို့ကို တနာရီလောက် ကားပတ်မောင်းနေချိန်မှာ ကားပေါ်ပါ အမျိုးသားတွေက အမျိုးသမီးလေးကို ရက်ရက်စက်စက် ရိုက်နှက် အဓမ္မပြုကျင့်ကြပြီး သူတို့ နှစ်ယောက်စလုံးကို အဝတ်ဗလာနဲ့ ကားပေါ်က ပစ်ချခဲ့ပါတယ်။

ဒီလိုပစ်ချပြီး ကားဒရိုင်ဘာက ကားနဲ့ ကြိတ်သတ်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ သူ့မိတ်ဆွေ အမျိုးသမီးကို ကားမကြိတ်မိခင် လက်မတင်လေး သူဆွဲပြီး ရှောင်လိုက်နိုင် တယ်လို့ ပြောပါတယ်။

အမျိုးသမီးလေး သွေးထွက်လွန်နေလို့ လမ်းသွားလမ်းလာတွေကို အကူအညီ တောင်းပေမယ့် နာရီဝက်လောက် ကယ်သူမရှိ ဖြစ်နေခဲ့ပြီးမှ ရဲကား ၃ စီး ရောက်လာခဲ့တယ်။

ဒါပေမယ့် ရဲတွေ ရောက်လာလာချင်း အဝတ်အစားတွေ ဘာတွေ မပေး၊ ဘာမှ မလုပ်ဘဲ ဘယ်ရဲဌာနအပိုင် ဖြစ်တယ်ဆိုတာ အချင်းချင်း စကားများ ငြင်းခုံနေ ကြသေးတယ်လို့ ပြောပါတယ်။

နောက်ပြီး နီးနီးနားနားမှာရှိတဲ့ ဆေးရုံကို ခေါ်သွားမယ့်အစား အဝေးကြီးက ဆေးရုံကို ခေါ်သွားတယ်။ ဆေးရုံရောက်ပြန်တော့လည်း အကြာကြီး စောင့်နေရတယ်၊ သူတို့အတွက် အဝတ်အစားကိုတောင် မနည်းတောင်းပန် ယူရတယ်လို့ ဆိုပါတယ်။

သူတို့ကို တိုက်ခိုက်ခဲ့သူတွေကို တိရိစ္ဆာန်တွေလို့ သူက ခေါ်ဝေါ်ခဲ့ပြီး သူ့မိတ်ဆွေ အမျိုးသမီး သေမယ်လို့ သူလုံး၀ မျှော်လင့် မထားခဲ့ဘူးလို့ ပြောပါတယ်။

အမျိုးသား ၅ ဦးကို မုဒိမ်းမှု၊ လူသတ်မှုတွေနဲ့ စွဲဆို ထားလိုက်ပြီ ဖြစ်ပါတယ်။

သူက လူတွေရဲ့ ကူညီလိုတဲ့ လူမှုရေး စိတ်ဓာတ်နည်းပါးမှု ၊ ရဲ နဲ့ အစိုးရ အာဏာပိုင်တွေကို ဝေဖန်ခဲ့ပါတယ်။ ဖယောင်းတိုင်မီး ထွန်းညှိ ဆုတောင်းရုံနဲ့ လူတွေရဲ့ စိတ်ဓာတ် မပြောင်းလဲနိုင်ဘူး။ သူတို့ရဲ့ အတွေ့အကြုံကို လူတွေ သင်္ခန်းစာယူဖို့ လိုတယ် ။ ဒါမှ နောင်မှာ အသက်တွေကို ကယ်နိုင်မယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ လောလောဆယ် လမ်းမတွေမှာ ကန့်ကွက် ဆန္ဒပြနေသူတွေကတော့ ယဉ်ကျေးမှုအခြေခံနဲ့ အမျိုးသမီးတွေ အပေါ်မှာ ထားတဲ့ သဘောထားတွေကို အောက်ခြေက စပြီးပြောင်းလဲဖို့ လိုတယ်လို့ ပြောနေကြ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။