BBC navigation

အိန္ဒိယ ကျောင်းသူ အလောင်း ဒေလီရောက်

နောက်ဆုံး ရေးသားချိန် 30 ဒီဇင်ဘာလ 2012 - 01:37 GMT
india

ကွယ်လွန်သူ အတွက် ဆီမီးထွန်း ဆုတောင်း

နယူးဒေလီမှာ ဘတ်စ်ကားပေါ် လူအုပ်နဲ့ မတရား ပြုကျင့် မှုကြောင့် သေဆုံးခဲ့တဲ့ ကျောင်းသူရဲ့ ရုပ်အလောင်းကို ပြန်သယ်လာတဲ့ သီးသန့် လေယာဉ်ဟာ ဒေလီ နိုင်ငံတကာ လေဆိပ်ကို ဆိုက်ရောက်လာပြီ ဖြစ်ပါတယ်။

အသက် ၂၃ နှစ် အရွယ် ဆေးကျောင်းသူဟာ စင်ကာပူမှာ ဆေးသွားကုရင်း စနေနေ့ နေ့ဦးပိုင်းက ကွယ်လွန် ခဲ့တာ ဖြစ်ပြီး အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း ကိုယ်တိုင် လေဆိပ်မှာ ရုပ်ကလာပ်ကို စောင့်ကြို ခဲ့ပါတယ်။

မိသားစု ဇာတိ ကို အလောင်း ပြန်ယူသွားပြီး ရဲအစောင့်အရှောက် နဲ့ လိုက်ပို့ခဲ့ပါတယ်။

မနေ့က တနေ့လုံး အိန္ဒိယ နိုင်ငံ တပြင်တလျား က ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ အမျိုးသမီးတွေကို ကာကွယ်ပေးဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြ ခဲ့ကြသလို ညမှာလဲ ဆီမီးထွန်းပြီး ဆုတောင်း ပေးခဲ့ကြပါတယ်။

ဒီအဓမ္မပြုကျင့်မှုနဲ့ ပတ်သက်လို့ လူခြောက်ဦးကို လူသတ်မှုနဲ့ စွဲဆိုထားပါတယ်။

သူတို့ကို သေဒဏ်ချဖို့ ဖိအားပေးမယ်လို့ ရဲက ပြောကြား သလို အစိုးရကလဲ အမြန်ဆုံး စစ်ဆေးနိုင်ဖို့ ကတိပေးခဲ့ပါတယ်။

သူ လူမသမာ တွေရဲ့ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရတယ်ဆိုတဲ့ သတင်းကို ကြားခဲ့ရတဲ့ အချိန်တည်းက အိန္ဒိယ ပြည်သူတွေ ဒေါသတကြီး ရက်တွေ ဆက်တိုက်ဆန္ဒပြ ခဲ့ကြ ပါတယ်။

အိန္ဒိယ လူ့အသိုင်းအဝိုင်း က အမျိုးသမီး တွေ အပေါ် သဘောထားတွေ ၊ အပြုအမူတွေ ကိုပါ ပြန်လည် ဆန်းစစ်ကြဖို့ ဒီကျောင်းသူလေး အဓမ္မပြုကျင့်ခံရတဲ့ ကိစ္စ က အခုတော့ တွန်းအား ပေးလာနေပါတယ်။

သန္ဓေသား က မိန်းကလေး ဆိုတာ ကိုသိတာနဲ့ မိသားစု ကဖျက်ချ ကြတာ၊ မွေးခါစ မိန်းကလေးငယ်လေးတွေ သတ်ပြီး လွှင့်ပစ်ထားတာ စတဲ့သတင်းတွေ က အိန္ဒိယ မှာ အများကြီးပါ။

အဲဒီကနေ လွတ်မြောက်လို့ ရှင်သန်လာရရင်လည်း သူတို့ ထဲက အများအပြားဟာ ဘဝ တလျှောက်လုံး ခွဲခြားဆက်ဆံခံရမှုတွေ၊ အာဃာတ ထားခံရတာ၊ အကြမ်းဖက် ခံရတာ တွေ က သူတို့ အပျိုအရွယ်မှာ ဖြစ်ဖြစ် အိမ်ထောင်ရက်သား ကျသွားပြီး နောက်မှာ ဖြစ်ဖြစ် ကြုံကြရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်အတွင်း အမျိုးသမီး တွေ အဓမ္မကျင့်ခံ ရတဲ့ အမှုပေါင်း အိန္ဒိယမှာ ၂သောင်း ၄ထောင် ကျော် ဖြစ်ခဲ့ပါတယ်။

အဲဒါ အရင် တနှစ်ကထက် ၉.၂ ရာခိုင်နှုန်း တက်လာတာပါ။ အဲဒီအမှုတွေ ထဲ ထပ်စိတ်ပျက်စရာ ကောင်းတဲ့ အချက်အလက် ကတော့ ပြုကျင့်ကြသူတွေ ထဲက ၉၄ ရာခိုင်နှုန်း ဟာ ကာယကံရှင် မိန်းကလေး နဲ့ သိနေသူတွေ ပါ။

ဒီလို အမှုတွင်မကဘဲ မိန်းကလေး လူကုန်ကူးမှုတွေ က အဲဒီ ၂၀၁၁ မှာ အရင်နှစ် ကထက် ၂ ဆကျော် တက်လာတယ် လို့လည်း သိရပါတယ်။

အခု တက္ကသိုလ်ကျောင်းသူ အမျိုးသမီးရဲ့အဖြစ် က အိန္ဒိယမှာ အမျိုးသမီးတွေ ကို ပိုအကာအကွယ်ပေးမယ့်၊ အမျိုးသမီးတွေ ကို ပိုအလေးထား စေဖို့ တွန်းအားပေး မယ့် ဥပဒေတွေ သဘောထားတွေ များ ပေါ်ထွန်းလာမလား လို့ မျှော်လင့် ကြသူတွေ လည်း ရှိလာနေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။