BBC navigation

အမေရိကန် က မြောက်ကိုရီးယား ကို ဒုံးပျံ ကိစ္စ သတိပေး

နောက်ဆုံး ရေးသားချိန် 13 ဒီဇင်ဘာလ 2012 - 01:38 GMT
n korea rocket

မြောက်ကိုရီးယား က ပစ်လွှတ် လိုက်တဲ့ ဒုံးပျံ

မြောက်ကိုရီးယား နိုင်ငံ က တာဝေးပစ် ဒုံးပျံ စမ်းသတ် ပစ်ခတ် မှု ကို အမေရိကန် ပြည်ထောင်စု က ရှုတ်ချ လိုက်ပြီးတော့ ဖြစ်လာမယ့်အကျိုးဆက်တွေ ကို မြောက်ကိုရီးယား တို့ တွေ့ရစေမယ် လို့ အမေရိကန် ဘက်က ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ကလည်း အခု ရော့ကက် ဒုံးပျံ စမ်းသတ်မှုကို သူတို့အနေနဲ့ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ချပြီး တားမြစ်ထားပါလျှက် မြောက်ကိုရီးယား က သိသိသာသာ ကို ချိုးဖောက်တာ ပါလို့ အစောပိုင်း က ပြောခဲ့ပါတယ်။

အမေရိကန် က မြောက်ကိုရီးယား အနေနဲ့ ရန်စတဲ့ အပြုအမူကို လုပ်တာ လို့လည်းဆိုပါတယ်။

ဒီ လုပ်ရပ် ဟာ ဒေသတွင်းလုံခြုံရေး ကို ခြိမ်းခြောက်တာ လို့ လည်း သူတို့က မှတ်ယူပါတယ်။

မြောက်ကိုရီးယား တို့ဘက် ကတော့ သူတို့ရဲ့ ပထမဆုံးသော ဂြိုလ်တု ကို ကမ္ဘာပတ် လမ်းကြောင်း ထဲ ပို့ ဖို့ ဒုံးပျံ နဲ့ လွှတ်တင်တာ ဖြစ်ကြောင်း နဲ့ အခု ဂြိုလ်တု က ကမ္ဘာပတ်လမ်းကြောင်း ထဲမှာ ရှိနေပြီလို့ ရှင်း ထားပါတယ်။

သူတို့ ဂြိုလ်တု ကမ္ဘာပတ်လမ်းကြောင်းထဲကို ရောက်သွားတာ ကလည်း အမှန်ပါ၊ ဒါပေမယ့် သူတို့ ဒုံးပျံလုပ်နေတာဟာ တိုက်ချင်းပစ် မစ်ဇိုင်း ဒုံးကျည် လုပ်ဖို့ ကြံစည် နေတာလို့ အမေရိကန် နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း က ယုံကြည်နေတဲ့ အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ချ ပြီး တော့ အခုလို စမ်းသတ်မှုတွေ မလုပ်ဖို့ တားဆီး ထားတာပါ။

မြောက်ကိုရီးယား ဟာ အခုလုပ်ရပ် ရဲ့နောက်ဆက်တွဲ တွေကို ကြုံရမယ် လို့ အမေရိကန်က သတိပေးနေ ပေမယ့် အမေရိကန် အနေနဲ့ ကလည်း လုံခြုံရေး ကောင်စီ က အရေးယူ မှု အနေအထား ကို သူတို့ ကြည့်ဦးမယ် လို့ ပြောပါတယ်။

နောက်ပြီးတော့ မြောက်ကိုရီးယားရဲ့ တဦးတည်းသော မဟာမိတ် ဖြစ်တဲ့ တရုတ် ကလည်း မြောက်ကိုရီးယား တို့ လုပ်ရပ် ကို စိတ်မကောင်း ဖြစ်ကြောင်း ပြောပေမယ့် မြောက်ကိုရီးယား ကို လက်တုန့်မပြန် ကြ ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းထားပါတယ်။

အနောက်နိုင်ငံတွေ က မြောက်ကိုရီးယားတို့ အနေနဲ့ သူတို့ ရဲ့ မစ်ဇိုင်း စီမံချက် လည်း အောင်မြင်သွားမယ်၊ နောက်ပြီးတော့ နျူကလီးယား လက်နက် စီမံချက်လည်း အောင်မြင်သွားပြီ ဆိုရင် အမေရိကတိုက် အနောက်ဖက်ကမ်း အထိ နျူကလီယား ထိပ်ဖူးတပ် မစ်ဇိုင်းတွေ ပစ်လို့ ရသွား မယ် လို့ မှန်းဆပြီး စိုးရိမ်ကြပါတယ်။

ဒါပေမယ့်လည်း မြောက်ကိုရီးယားတို့ စီမံချက် ၂ ခုလုံးက အခုအချိန်မှာတော့ အဲဒီလောက် အထိ တော့ ခရီးမပေါက်သေးဘူး လို့ လည်းသူတို့ သိထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။