BBC navigation

အာကာသထဲ မြောက်ကိုးရီးယား ဒုံးပျံ အောင်မြင်စွာ လွှတ်တင်

နောက်ဆုံး ရေးသားချိန် 12 ဒီဇင်ဘာလ 2012 - 19:01 GMT

အာကာသ အစီအစဉ်တွေ ဆက်လုပ်သွားမယ်လို့ မြောက်ကိုးရီးယားပြော

နိုင်ငံတကာရဲ့ ကန့်ကွက် သတိပေးမှု တွေ ရှိနေတဲ့ကြားက မြောက်ကိုရီးယား အစိုးရက ဂြိုဟ်တု တင်ဆောင် ထားတဲ့ ရော့ကက် ဒုံးပျံ တစ်စင်းကို ကမ္ဘာပတ် လမ်းကြောင်းထဲ အောင်အောင် မြင်မြင် စမ်းသပ် ပစ်လွှတ်နိုင်ခဲ့ တယ်လို့ ထုတ်ဖေါ် ကြေညာလိုက် ပါတယ်။

ပြည်ပ ကနေ ဘယ်လို တုံ့ပြန်မှု တွေပဲ လာလာ မြောက်ကိုရီးယား အနေနဲ့ သူတို့ရဲ့ အာကာသ အစီအစဉ် တွေကို ဆက်လက် လုပ်ဆောင် သွားမယ်လို့ မြောက်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရသူက ပြောပါတယ်။

မြောက်ကိုးရီးယားနိုင်ငံရဲ့ ဒီဒုံးပျံ လွှတ်တင်မှုဟာ နျူကလီးယား လက်နက် စမ်းသပ်ဖို့ တဘက်လှည့်နဲ့ လုပ်တာ ဆိုပြီး အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့က ကန့်ကွက် ရှုတ်ချခဲ့ကြပါတယ်။

အခု ပစ်လွှတ်လိုက်တဲ့ Taepodong ၂၊ မြောက်ကိုးရီးယား အခေါ် ပက်တူဆန် ၂ ဒုံးပျံဟာ အကွာအဝေး ကီလိုမီတာ ငါးထောင်ကနေ တသောင်းငါးထောင် အထိ ဝေးဝေး သွားနိုင်ပါတယ်။

ဒီ Taepodong တာဝေးပစ် ဒုံးပျံကို ၂၀၀၆ခုနှစ်၊ ၂၀၀၉ခုနှစ်နဲ့ အခုနှစ် ဧပြီလတုန်းက အာကာသလွှတ် ဒုံးပျံအဖြစ် ၃ကြိမ်တိုင်တိုင် စမ်းသပ် ပစ်လွှတ်ခဲ့ဖူးပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။

အခုတခါမှာတော့ အောင်မြင်စွာ လွှတ်တင်လိုက်နိုင်ခဲ့တာပါ။

တကယ်လို့ ဒီစမ်းသပ် လွှတ်တင်မှု အောင်မြင်သွားမယ်၊ မျှော်မှန်းထားတဲ့ အမြင့်ဆုံး အကွာအဝေးကို ပစ်လွှတ်လိုက်နိုင်တော့မယ် ဆိုရင် တော့ နောက်ထပ် စွမ်းအင်တွေထပ်တိုး တည်ဆောက်လိုက်ရင် မြောက်ကိုးရီးယား နိုင်ငံအနေနဲ့ မစ်ဆိုင်းဒုံးတွေကို သြစတြေးလျ၊ အမေရိကန်နဲ့ တခြားနိုင်ငံတွေဆီ အရောက်ပစ်လွှတ်နိုင်စွမ်း ရှိလာတော့မှာပါ။

အခုအခါ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဒီကိစ္စကို ဘယ်လို တုံ့ပြန်ရမယ် ဆိုတာ စဉ်းစားဖို့ အစည်းအဝေး ခေါ်ယူဖို့ ရှိပါတယ်။

တရုတ်နိုင်ငံ ကတော့ ကုလသမဂ္ဂရဲ့ အရေးယူ ဆောင်ရွက်မှုဟာ သင့်တင့် မျှတမှု ရှိဖို့ လိုတယ်၊နောက်ထပ် တင်းမာမှုတွေ တိုးပွား မလာအောင် ရှောင်ရှား သင့်တယ်လို့ ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။