BBC navigation

အီဂျစ်က ဆန့်ကျင်ဘက် ဆန္ဒပြမှု ပိုတင်းမာလာ

နောက်ဆုံး ရေးသားချိန် 11 ဒီဇင်ဘာလ 2012 - 16:12 GMT
Egypt

ကိုင်ရိုက ဆန္ဒပြမှုကြီး

အီဂျစ်နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းသစ်အပေါ် လူထု ဆန္ဒခံယူပွဲ ကျင်းပရေးနဲ့ ပတ်သက်လို့ ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေအကြား အပြိုင်အဆိုင် စုရုံး ဆန္ဒထုတ်ဖေါ်မှုတွေ ဒီကနေ့ ပြုလုပ်နေကြပါတယ်။

အတိုက်အခံ NSF National Salvation Front အဖွဲ့က ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းဟာ သမ္မတ မော်စီရဲ့ အစ္စလာမ်ဝါဒီ မဟာမိတ်တွေ ကြီးစိုးတဲ့ လွှတ်တော်က ရေးဆွဲခဲ့တာမို့ သူတို့အနေနဲ့ အသိအမှတ် မပြုဘူးဆိုပြီး ကန့်ကွက်နေတာပါ။

ဒီဥပဒေမူကြမ်းဟာ အီဂျစ်ပြည်သူတွေရဲ့ အခြေခံ ရပိုင်ခွင့်တွေနဲ့ လွတ်လပ်ခွင့်ကို တားဆီး ပိတ်ပင်ထားတဲ့ အတုအယောင် ဥပဒေမူကြမ်း ဖြစ်တယ်လို့ NSF ညှိနှိုင်းရေးမှူးချုပ် မိုဟာမက် အယ်လ် ဘာရာဒေးက ဘီဘီစီကို ပြောပါတယ်။

စနေနေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ လူထုသဘောထား ကောက်ခံပွဲကြီး ဖျက်သိမ်းပေးဖို့ အထိ သူ့အနေနဲ့ တောင်းဆိုမှာ မဟုတ်ပေမယ့် အခု ဒီကနေ့ လုပ်တဲ့ ကန့်ကွက်ဆန္ဒပြမှုတွေကြောင့် သမ္မတ မော်စီအနေနဲ့ ဒီမိုကရေစီနည်းကျတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတခု ပေါ်ပေါက်လာရေး အတွက် တွေ့ဆုံ ညှိနှိုင်းပြီး အများသဘောဆန္ဒတခုရလာတဲ့အချိန်အထိ ဒီလူထုသဘောထား ကောက်ခံပွဲကို ရွှေ့ဆိုင်းထားပေးဖို့ မျှော်လင့်နေတယ်လို့ မစ္စတာ ဘာရာဒေးက ပြောပါတယ်။

ဒါပေမယ့် သမ္မတမော်စီကို ထောက်ခံတဲ့ Muslim Brotherhood ပါတီကတော့ ဒီလူထု သဘောထား ကောက်ခံပွဲကျင်းပတာကို ထောက်ခံအားပေးကြောင်း ပြသတဲ့အနေနဲ့ ဒီကနေ့မှာပဲ လူနှစ်သန်း စုဝေးချီတက်ဖို့ နှိုးဆော်ထားပါတယ်။

အခု ဒီဆန္ဒ ပြမှုတွေ တွေ့ရတဲ့အခါ မနှစ်တုန်းက သမ္မတ ဟော့စနီ မူဘာရက် ကို ဖြုတ်ချဖို့ တောင်းဆိုခဲ့တဲ့ ကိုင်ရိုမြို့ တာဟီရာ ရင်ပြင်က ဆန္ဒပြမှုတွေကို ပြန်အမှတ်ရလာစေမှာပါ။ ဒါပေမယ့် အခု စုဝေး ရောက်နေတဲ့ လူအုပ်ကြီးထဲမှာတော့ နှစ်ပိုင်းကွဲနေပြီး အတိုက်အခံတချို့ဆိုရင် သမ္မတ မော်စီဟာ ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ထားတာ ဖြစ်တယ်။ လူကို မကြိုက်တာ မဟုတ်ဘူး၊ မူကို မကြိုက်လို့ ဆန္ဒပြမှာ ဖြစ်တယ်လို့ ပြောနေပါတယ်။

ဒါပေမယ့်လည်း တချို့ကျတော့လည်း သမ္မတ မော်စီဟာ သမ္မတအဖြစ် ကျမ်းကျိန် သစ္စာဆိုတုန်းက အီဂျစ်ပြည်သူတွေရဲ့ အကျိုးအတွက် ဆောင်ရွက်ပေးမယ်လို့ ကတိပြုသွားခဲ့ပေမယ့် တကယ်တမ်းမှာ Muslim Brotherhood ပါတီနဲ့ တခြား အစ္စလာမစ်တွေရဲ့ အကျိုးအတွက်ပဲ ကိုယ်စားပြု ဆောင်ရွက်နေတယ်လို့ ခံစားမိတယ်လို့ ဆိုပါတယ်။

အခုအခါ ကိုင်ရိုမြို့မှာ စစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့တွေ ချထားလိုက်တာကြောင့် အီဂျစ်နိုင်ငံဟာ စစ်အုပ်ချုပ်မှု အောက်မှာ ပြန်ရောက်သွားပြီလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ကြီးထွားလာနေပါတယ်။

သမ္မတ မော်စီကတော့ လူထု သဘောထားကောက်ခံပွဲကို မဖြစ်မနေ ရှေ့တိုးကျင်းပမယ်လို့ ပြောနေပြီး စနေနေ့မှာ ကျင်းပမယ့် လူထုသဘောထား ကောက်ခံပွဲ ရလဒ်တွေ မရမချင်း စစ်တပ်ကို ဖမ်းဆီးထိန်းသိမ်းခွင့် အာဏာတွေ ပေးအပ်ထားပါတယ်။

အတိုက်အခံတွေက သမ္မတ မော်စီဟာ အာဏာရှင်တယောက်လို့ ပြုမူလာနေပြီလို့ ဝေဖန် ပြောဆိုနေကြပါတယ်။ လောလောဆယ်မှာတော့ အခုလို အပြိုင်အဆိုင် စုရုံး ဆန္ဒပြမှုတွေကြားမှာ ရလဒ် အဖြေတခု ထွက်ပေါ်လာမယ့် ပုံမျိုး မတွေ့ရသေးဘူးလို့ ဘီဘီစီသတင်းထောက် Jon Leyne က သုံးသပ်ထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။